တီးတိန်မြို့ Covid-19 ရောဂါ တုန့်ပြန်ဆောင်ရွက်နိုင်ရေး အရေးပေါ်အစီအမံများ ချမှတ်ရန် လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို

တီးတိန်မြို့ Covid-19 ရောဂါ တုန့်ပြန်ဆောင်ရွက်နိုင်ရေး အရေးပေါ်အစီအမံများ ချမှတ်ရန် လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို

By လားနွန် – ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် Covid-19 ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများ မပြည့်စုံ မလုံလောက်သည့်အတွက် အရေးပေါ် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးဦးက ဒုတိယသမ္မတထံ စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးကျင့်ရှင်းထန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူးဂင်ကမ်းလျန်၊ တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးခမ်ခန့်ထန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မာန်တို့က Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  ဒု သမ္မတထံ  ဧပြီလ ၁၂ ရက်တွင် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

တီးတိန်မြို့နယ်တွင် Covid-19 ရောဂါ ကူးစက်ခံထားရသူ ဦးရေမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သုံးဦးရှိနေသည်။ အထောက်အကူ ပစ္စည်းများ မလုံလောက်သည့်အတွက် လူနာများကို လွှဲပြောင်းပေးပို့ရမည့် Designate Hospital (သတ်မှတ်သည့်ဆေးရုံ) သို့ ပေးပို့မည့်အစီအစဉ် တိကျစွာ လမ်းညွှန်သတ်မှတ်ပေးမည်ဆိုပါက ပိုမိုသင့်လျော် ကောင်းမွန်မည်ဟု ပေးစာတွင်ဖော်ပြထားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မာန်က “ဒီဟာနဲ့ဆက်စပ်ပြီး  cover လုပ်ဖို့အတွက် လိုအပ်တဲ့ဟာ အများကြီး ရှိတယ်။ အဲဒါလေးတွေ အချိန်နဲ့တစ်ပြေးညီ ကျမတို့အချိန်မီ ပို့ဖို့၊ ပြီးတော့ နောက်တစ်ချက်က မီး၊ လျှပ်စစ်မီးက ကျမတို့ တီးတိန်မြို့က မဟာဓာတ်အားလိုင်းမရသေးဘူး။ ချင်းပြည်နယ်မှာ Positive တွေ့တာ တီးတိန်ဖြစ်တဲ့အတွက်ကြောင့် ဆေးရုံမှာ ၂၄ နာရီလျှပ်စစ်မီးက ရရှိဖို့လိုအပ်တယ်။ ပြီးတဲ့အခါကျတော့ သူ (လူနာ)နဲ့ ထိတွေ့ခဲ့တဲ့ ကပ်တဲလ်ရွာက ပြည်သူတွေလည်း ကျန်းမာရေး Medical cover လုပ်ပေးဖို့လိုတယ်။ စစ်ဆေးဖို့လိုတယ်။ ဓာတ်ခွဲစစ်ဆေးဖို့လိုတယ်။ အဲဒါတွေကျမတို့ လုပ်ပေးမှ ရမှာ။ ဒါမှပဲ ဒီဟာ ထိန်းသိမ်းနိုင်မှာ’’ ဟု ပြောသည်။

ထို့အပြင် တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သော Technical Team စေလွှတ်ရန်နှင့် လူနာ Case-1 နှင့်ထိတွေ့ခဲ့သူများကို အမြန်ဆုံး Swab စစ်ဆေးပေးပါရန်၊ Swab နမူနာများကို အမျိူးသားဓာတ်ခွဲဆိုင်ရာဌာန(ရန်ကုန်) သို့ ပေးပို့ရာတွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းကြောင်းများ တာဝန်ယူစီစဉ်ပေးနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လမ်းညွှန်မှာကြားဆောင်ရွက်ပေးမည်ဆိုပါက တုန့်ပြန်မှုအား ပိုမိုထိရောက်မည်ဟု ပေးစာတွင် ဖော်ပြထားသည်။

“ဒီအချိန်မှာ၊ ဖြစ်တဲ့နေရာမှာ အချိန်နဲ့တစ်ပြေးညီ ဝိုင်းလုပ်ပေးရမယ့် အချိန်လေ။ ဝိုင်းလုပ်ပေးရမယ့် တာဝန်ရှိတယ်။ အားနည်းတယ်လို့ ပြောချင်ပါတယ်။ ချင်းပြည်နယ်အစိုးရအဖွဲ့  အားနည်းတယ်’’ ဟု ဒေါ်ကျိန်ငိုက်မာန်က ပြောသည်။

တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် အမေရိကန်နိုင်ငံမှပြန်ရောက်လာသည့် ချင်းအမျိုးသားတစ်ဦးနှင့် သူ၏ မိခင် အပါအဝင် တီးတိန်မြို့ပေါ်ရှိ ၎င်းတို့ တည်းခိုခဲ့သည့် အိမ်ရှင်တစ်ဦး စုစုပေါင်း သုံးဦး Covid-19 ရောဂါ ကူးစက်ခံထားရခြင်း ဖြစ်သည်။

ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

“ကျနော်တို့မှာ ဒီရောဂါမျိုးက ဖြစ်ဖူးတဲ့ဟာ မဟုတ်ဘူး။ ဒီလို Isolate (သီးခြားခွဲထား) ဒီရောဂါကုသနိုင်ဖို့အတွက် ကျနော်တို့ဆီမှာအဆင်သင့်မရှိနိုင်ဘူး၊ ကျနော်တို့ အဲဒီရောဂါဖြစ်မှ ဒီဟာတွေကို ကုသဖို့အတွက် ပြည်နယ်ကလုပ်ရတာဖြစ်တဲ့အတွက် ဒါအားနည်းချက်တော့ရှိပါတယ်၊ အစိုးရအဖွဲ့ကတော့ ဒါမြန်မာပြည်မှာ ပထမဆုံးရောဂါနံပါတ် (၁) က ဒီကဖြစ်တာဆိုတော့ ကျနော်တို့အလေးထားပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။

တီးတိန်ဆေးရုံကို ရေအားလျှပ်စစ်ဖြင့် တစ်နေ့ ရှစ်နာရီခွဲ လျှပ်စစ်မီး ပေးလျက်ရှိကြောင်း၊ ကျန် ၁၅ နာရီမှာ မီးစက်ဖြင့် လျှပ်စစ်မီး ပေးနိုင်ရန် စီစဉ်ထားကြောင်း၊ ဒီဇယ် ကုန်ကျစရိတ် တစ်လလျှင် ကျပ် ၁၂၅ သိန်းကျော် အကုန်ကျခံ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရမြန်မာနိုင်ငံ  (ဧပြီ ၁၃) တွင် Covid-19 ရောဂါကူးစက်ခံထားရသူ (၄၁)ဦး တွေ့ရှိပြီး သေဆုံးသူ၄ ဦးထိရှိပြီဖြစ်သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...