ဖားကန့်သို့ ဝင်ရောက်လာသူများကို စိစစ်မည်၊ မြို့ကို Lock Down ချခြင်းမဟုတ်ဟု ဆို

ဖားကန့်သို့ ဝင်ရောက်လာသူများကို စိစစ်မည်၊ မြို့ကို Lock Down ချခြင်းမဟုတ်ဟု ဆို

ဖားကန့်ရတနာ နယ်မြေ အတွင်း ဝင်ရောက်လာသူများကို  ဧပြီလ (၁၂) ရက်က စတင်ပြီး စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက သိရသည် ။

"ဖားကန့် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ၊ ဖားကန့်အိမ်ထောင်စု ရှိတဲ့သူတွေ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ပါတဲ့ သူတွေ ၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ ထောက်ခံချက်ပါတဲ့ ကုမ္ပဏီဝန်ထမ်းတွေ ကိုပဲ ခွင့်ပြုသွားမှာပါ " ဟု ဖားကန့်မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောသည် ။

Covid-19 ကူးစက်မြန်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် ကန့်သတ်စိစစ်ရခြင်း ဖြစ်သည်ဟုလည်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဆိုသည်။

" ဖားကန့်မြို့နယ်ရှိသက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါမှာ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ခွင့်ပြုခဲ့ပါပြီ။ ဒါကြောင့် ဖားကန့်မြို့နယ်ကို ဝင်ရောက်လာနိုင်တဲ့ ဂိတ်လေးဂိတ်ကနေ စိစစ်သွားမှာပါ"ဟု ဦးတင့်စိုးက ရှင်းပြသည်။

ယခုကဲ့သို့ ဖားကန့်မြို့ဝင်ရောက်လာသူများကို စိစစ်ရာတွင် ကုန်စည်စီးဆင်းမှု အတွက် ကုန်တင်ယာဉ်များကို ယာဉ်ပေါ်လိုက်ပါလာသူ လူဦးရေ အကန့်အသတ်ဖြင့် ခွင့်ပြုသွားမည်လည်း ဖြစ်သည် ။

ဖားကန့်နယ်မြေ အဝင်ဂိတ်များဖြစ်သည့် ကာမိုင်း စုပေါင်းစစ်ဆေးရေး ဂိတ်  ၊ လုံးခင်းကျေးရွာ လယ်ပြင် စုပေါင်း စစ်ဆေးရေး ဂိတ် ၊ ဝေခါကျေးရွာ မကားပင် စုပေါင်းစစ်ဆေးရေးဂိတ်  ၊ ဆယ်ဇင်းကျေးရွာ စုပေါင်းစစ်ဆေးရေးဂိတ်များမှ ဝင်ရောက်လာသူ များကို စိစစ်လက်ခံသွားမည်ဖြစ်သည်။

ဖားကန့်ရတနာ နယ်မြေသို့ ဝင်ရောက်လာသူများကိုသာ စိစစ်ခြင်းဖြစ်ပြီး ဖားကန့်မြို့ကို အဝင်အထွက် ပိတ်ဆို့ (Lock Down )ချခြင်းမဟုတ်ဟုလည်း ဒေသအာဏာပိုင်များကပြောသည် ။

မြို့အဝင်ကိုသာ စိစစ်ခြင်းဖြစ်ပြီး ပြန်လည်ထွက်ခွာသွားလိုသူများကို စိစစ်ခြင်း မပြုဘဲ ကြိုက်နှစ်သက်သလို ထွက်ခွာသွားနိုင်သည်ဟုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ လုပ်ငန်းရာသီချိန်တွင် ရေမဆေးကျောက်ဖွေသူ သုံးသိန်းဝန်းကျင် ရှိနေပြီး စုစုပေါင်း လူဦးရေ ငါးသိန်းခန့်ရှိမည်ဟု သက်ဆိုင်ရာ ဌာနများ၏ စစ်တမ်းများအရ သိရသည်။

ဖားကန့်မြို့နယ်အတွင်း Covid-19 ကြိုတင်ကာကွယ်မှုအတွက် လုံးခင်း ၊ ဆိပ်မူ ၊ ဝေခါ ၊ ဆယ်ဇင်း ၊ တာမခံ ၊ လဝါး  အပါအဝင် ကျေးရွာ အချို့တွင် သွားလာမှုကန့်သတ် စောင့်ကြည့်မှု အစီအစဉ် Quarantine ထားရှိသူ (၃၅ဝ) ဦး ရှိကြောင်းလည်း သိရသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...