ကချင်ပြည်နယ် အခြေခံလူတန်းစားများအား ထောက်ပံ့ရန် ကျပ် သန်းတစ်ထောင် သုံးစွဲမည်

ကချင်ပြည်နယ် အခြေခံလူတန်းစားများအား ထောက်ပံ့ရန် ကျပ် သန်းတစ်ထောင် သုံးစွဲမည်

သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အစိုးရက ထောက်ပံ့မည့်အစီအစဉ်တွင် ကျပ်သန်းပေါင်း ၁ထောင် ( ၁ ဘီလီယံ) သုံးမည်ဟု သိရသည်။

ကောက်ခံထားသော စာရင်းများအရ အိမ်ထောင်စုပေါင်း ၁၀၈၇၅၄ စု ရှိပြီး ယင်းအနက်  ပူတာအိုခရိုင် စာရင်းကို အလျှော့အတင်း ထပ်မံပြုလုပ်မည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ခုနဘဲ ကျနော်တို့အစည်းအဝေးလုပ်တယ်။ ပထမတော့ စာရင်းဘဲတောင်းတာပါ။ မနေ့ကမှတစ်ခါ အရေးပေါ်ထုတ်ပြန်ချက် ပြည်နယ်အဆင့်နဲ့ပေးဖို့လျာထားတယ်။ လိုတဲ့ငွေကြေးကုန်ကျစရိတ်ကို ဗဟိုကိုပြန်တင်ပြဖို့ ကျနော်တို့ဆီမှာ အရေးပေါ်မှာထုတ်သုံးဖို့ ကျပ်သန်း ၁ထောင် ရှိပါတယ်။ ဘာမှမသုံးရသေးပါဘူး။ အဲဒါကိုသုံးမှာဖြစ်ပါတယ်။ ခုကျနော်တို့ မြစ်ကြီးနားဈေးနူန်းနဲ့ တစ်အိမ်ထောင်ကို ၁၅၀၀၀ လောက်ဆို လုံလောက်တယ်လို့ပြောတယ်။ အဲကြောင့် ခုလောလောဆယ် အိမ်ထောင်စုတစ်စုကို အကြမ်းအားဖြင့် ၁သောင်းခွဲ လျာထားပါတယ်။ ၁သောင်းခွဲဆိုတာက ငွေပေးမှာမဟုတ်ပါဘူး။ ဆန်၊ဆီ၊ဆားအတွက် ကုန်ကျစရိတ်ပါ။ တစ်ချို့ဝေးတဲ့ဒေသတွေဆို သယ်ယူစရိတ်တွေရှိမယ်” ဟု  ဦးဇော်ဇော်က ပြောသည်။

ကချင်ပြည်နယ်တွင် ခရိုင် ၄ ခုရှိသည့်အနက် ခရိုင်တစ်ခုလျှင်ကျပ်သိန်း ၂၅၀၀ ခန့်ပေးရန်လျာထားကြောင်း ထပ်မံ ပြောဆိုသည်။

ထောက်ပံ့ရန် တင်ပြထားသည့် အိမ်ထောင်စုစာရင်းများတွင် မြစ်ကြီးနားခရိုင် (၃၁၂၅၇)၊ မိုးညှင်းခရိုင်(၄၈၈၂၆)၊ ဗန်းမော်ခရိုင်(၂၃၄၉၃) စသည့်ခရိုင် ၃ခုအား သိန်းပေါင်း ၂၅၀၀ စီပေးမည်ဖြစ်ပြီး၊ ပူတာအိုခရိုင် တင်ထားသည့် အိမ်ထောင်စုပေါင်း ၅၁၇၈ အနက် အခြေခံလူတန်းစားအဖြစ် သတ်မှတ်စည်းကမ်းနှင့် မကိုက်ညီသည့်အချက်များပါဝင်နေသည့်အတွက် ပြန်လည်စိစစ်ခိုင်းထားကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအဖြစ်သတ်မှတ်ခံရသူများမှာ ဒေသလိုအပ်ချက်အရ စစ်ရှောင်စခန်း၊ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ရေမဆေး၊ ငှက်ပျောခြံအလုပ်သမားတို့ဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုကို ရရှိမည်ဖြစ်သည်။

ထောက်ပံ့မှု ပေးအပ်ရာတွင် အဂတိများမရှိစေရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီဝန်ထမ်းများ၊ အရန်မီးသတ်၊ စသည့်အဖွဲ့အစည်းများပါဝင်ထားကြောင်း သိရသည်။

အချိန် နှစ်ရက်တာအတွင်း ကောက်ခံထားသော စာရင်းများကြောင့် လူမူကွန်ယက်စာမျက်နှာပေါ်တွင် အငြင်းပွားမှုများလည်းရှိနေသည်။

သင်္ကြန်ကာလရုံးပိတ်သည့်ရက်မတိုင်မီ ဧပြီ ၁၀ရက်နေ့မှ စတင်ထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံ့ရန်ကျန်ရှိနေသေးမည်ဆိုပါက သင်္ကြန်ကာလ ပြီးသော်လည်း ဆက်လက် ထောက်ပံ့သွားမည်ဟု သိရသည်။

အိမ်ထောင်စု ၁ စုလျှင် မြန်မာငွေကျပ် ၁၅၀၀၀ တန်ဖိုးဖြင့် ရရှိမည့် ထောက်ပံ့ပစ္စည်းများမှာ ဆန် ၈ပြည်၊ ဆီ ၅၀သား၊ ပဲ ၁ ပိဿာ၊ဆား ၅၀သား၊ ကြက်သွန် ၁ ပိဿာ တို့ဖြစ်သည်။

May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...