Covid – 19 ကြောင့် ချင်းမီဒီယာအချို့ ရပ်နား

Covid – 19 ကြောင့် ချင်းမီဒီယာအချို့ ရပ်နား

Salai C.Lian — ကမ္ဘာ့ကပ်ရောဂါ COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး သတင်းစာစက္ကူကတစ်ဆင့် စာဖတ်သူများထံ ကူးစက်မည်ကို  စိုးရိမ်သဖြင့် ကလေးမြို့တွင် ထုတ်ဝေသည့် ချင်းသတင်းစာနှစ်စောင် ရပ်နားထားကြောင်း သိရသည်။

ကလေးမြို့အခြေစိုက် ချင်းမီဒီယာများဖြစ်သည့် Lairawn Post နှင့် Falam Today သတင်းစာများမှာ ချင်း(ဖလမ်း) ဘာသာဖြင့် ထုတ်ဝေလျက်ရှိရာမှ ယခုအခါ ယာယီ ရပ်နားလိုက်သည်။

တစ်ပတ်သုံးကြိမ် ထုတ် Lairawn Post စာစောင် အယ်ဒီတာချုပ်က “လောလောဆယ်တော့ ကျွန်တော်တို့ နားလိုက်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စာဖတ်ပရိတ်သတ်တစ်ချို့က သတင်းစာစောင်ကနေ ရောဂါကူးမှာကို ကြောက်ကြတယ်၊ ပြီးတော့ ဖြန့်ချိရေးပိုင်းမှာလည်း တစ်အိမ်တက်ဆင်း လုပ်နေတော့ တစ်ချို့လူတွေက မကြိုက်ကြဘူး၊ ဖြန့်ဝေသူကလည်း အသွားအလာ များနေတယ်၊ ဆိုတော့ အခုလို ကျွန်တော်တို့ ရပ်တန့်လိုက်ခြင်း ဖြစ်တယ်” ဟု ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ကပ်ရောဂါကင်းစင်ချိန်တွင် စာစောင် ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ကြောင်း တစ်ပတ်တစ်ကြိမ်ထုတ် Falam Today အယ်ဒီတာချုပ် ဆလိုင်း DL က ပြောသည်။

သူက “ဒီရောဂါ ဖြစ်လာတာနဲ့ ကျွန်တော်တို့ စာစောင်အရေအတွက်ပါ ကျသွားတယ်၊ များသောအားဖြင့် စာဖတ်တဲ့သူတွေက သူတို့အိမ်ကို အသွားအလာ သိပ်မဝင်စေချင်ကြဘူး၊ ပြီးတော့ ကျွန်တော်တို့ စာ ထုတ်လိုက်ရင်တော့ စာစောင်ဖိုးကအစ ပြန်တောင်းဖို့ လိုတယ်၊ ဆိုတော့ အသွားအလာက များနေမှာပဲ၊ အဲဒါကြောင့် စာဖတ်ပရိတ်သတ် လိုအင်ဆန္ဒအတိုင်း ကျွန်တော်တို့ လုပ်တာ ဖြစ်တယ်” ဟု ပြောသည်။

ဆက်လက်ပြီး သူက “ကျွန်တော်တို့ အနေနဲ့ကတော့ ကိုယ့်စာဖတ်ပရိသတ်ကို စဉ်ဆက်မပြတ် သတင်းထုတ်ပေးချင်တယ်၊ ဒါပေမဲ့ သူတို့ဖက်က အဆင်မပြေလို့သာ ဖြစ်တယ်၊ နိုင်ငံတော်က ရောဂါအခြေအနေ ပြန်ကောင်းကြောင်း ထုတ်ပြန်လာရင်တော့ သတင်းစာ ပြန်ထုတ်ဖို့ အသင့်ရှိတယ်” ဟု ပြောသည်။

ကလေးမြို့အခြေစိုက် သတင်းစာများ ကိုရိုနာ ဗိုင်းရပ်စ် စိုးရိမ်ချက်ကြောင့် ရပ်နားသော်လည်း ချင်းပြည်နယ်တွင်မူ  ရပ်နားခြင်း မရှိသေးကြောင်း The Hakha Post အယ်ဒီတာ  Salai KB Thawng က ဆိုသည်။

Salai KB Thawng က “ကျွန်တော်တို့ဖက်မှာကတော့ စာဖတ်ပရိသတ်က အဲလို ပြောတာ မရှိသေးဘူး၊ အရင်ကထက်တော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာပြီးနောက်ပိုင်း စောင်ရေကျတာတော့ ရှိတယ်၊ ဒါပေမဲ့ အဲလောက်ကြီးတော့ မဟုတ်ဘူး၊ သတင်းစာကို အရင်လို ပုံမှန်အတိုင်း ထုတ်ဝေလျက်ရှိတယ်” ဟု ပြောသည်။

Most read this week

December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...