မင်းထွန်း — တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်မှ (၈) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ယခုအခါ ၁၀ လ ခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။
ထိုသို့ အင်တာနက်ဖြတ်တောက်ခံထားရသည့်မြို့နယ်များတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသဖြင့် အရပ် သားသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးမှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်။
“အဓိကတော့ ဒီအင်တာနက်ဖြတ်တောက်ထားတဲ့ နောက်ပိုင်းမှာပေါ့ ရခိုင်ဒေသမှာရော၊ ချင်းပြည်နယ်မှာရော လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးဖြစ်နေတယ်ဆိုတာ တွေ့လာရတယ်။ နောက်ပြီးတော့ တိုက်ပွဲတွေ ပြင်းထန်လာတယ်၊ နေအိမ်တွေပေါ်ကနေ ဗုံးကြဲတာတွေ၊ အပြစ်မဲ့ ဒေသခံရွာသားတွေရဲ့ ရွာတွေမှာ ဗုံးကြဲ ခံရတာတွေ၊ မီးရှို့ခံရတာတွေ ဒါတွေဟာ အင်တာနက်ဖြတ်တောက်ခြင်း ခံရပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်တာကို တွေ့လာရတယ်” ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။
ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသဖြင့် အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများက တောင်းဆိုတိုက်တွန်းထားကြသည်။
သို့သော် လက်ရှိအချိန်ထိ အင်တာနက်ပြန်ဖွင့်ပေးခြင်း မရှိသေးပဲ အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုမှုများကို အစိုးရအနေဖြင့် ဥပက္ခာပြုထားသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုသည်။
“တချို့နိုင်ငံတွေမှာ ပြည်သူတွေကို တကယ့်ကိုအလေးထားပြီး လုပ်ဆောင်ပေးနေတာတွေ့ရပါတယ်။ အဲဒါ ကြောင့် ကျမတို့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့လည်း ဒီနိုင်ငံခြားမှာပေါ့နော် အင်တာနက် အခမဲ့အသုံးပြုခွင့် တွေကို သဘောတူနေပြီလို့ ပြောနေတဲ့ကြားထဲက ကျမတို့ရဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ရှိတဲ့၊ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေရော၊ နောက်တစ်ခါ ဒီကိုရိုနာရောဂါအတွက်တောင် ဒီအင်တာနက်တွေကို ပြန်လည် ဖွင့်ပေးဖို့အချိန်လည်း ကျနေပါပြီ” ဟု ၎င်းကဆိုသည်။
လက်ရှိ အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များမှ ဒေသခံများမှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိရန် ခက်ခဲလျက်ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ကြိုတင်အသိမပေးဘဲ အစိုးရက အင်တာနက် ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရန် အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်နေချိန် မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှဒေသခံများ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရန် သတင်း အချက်အလက်များကို သိရှိပိုင်ခွင့် ဆုံးရှုံးနေရသည့်အပေါ် ဝေဖန်မှုများရှိနေကြသည်။







