အယ်ဒီတာချုပ် သုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုမှု ပြန်ရုပ်သိမ်းရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပို့

အယ်ဒီတာချုပ် သုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုမှု ပြန်ရုပ်သိမ်းရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပို့

တိုင်းရင်းသား သတင်းဌာနတစ်ခု၊ ပြည်မအခြေစိုက် သတင်းဌာန နှစ်ခုတို့မှ အယ်ဒီတာချုပ်  (၃) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည့်အမှုကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လိပ်မူပြီး Burma News International (BNI) က အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဧပြီလ (၂) ရက်တွင် ပေးပို့လိုက်သည်။

Burma News International (BNI) ၏ မူဝါဒရေးရာကော်မတီဥက္ကဋ္ဌ နန်းဖော့ဂေက “ကျမတို့ BNI အနေနဲ့ ဒီမတ်လအကုန် ဧပြီလအကူးလေးမှာ သတင်းဌာနတွေရဲ့ အယ်ဒီတာချုပ်တွေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒနဲ့ ရင်ဆိုင်နေရတာကို နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတက လစ်လျူရှုမထားဖို့၊ ပြန်လည်ထိန်းညှိဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ခုလိုအိတ်ဖွင့်ပေးစာ ပို့ရတာဖြစ်ပါတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေတဲ့ ကျမတို့နိုင်ငံမှာ အရပ်သားအစိုးရအနေနဲ့ မီဒီယာသမားတွေကို တရားစွဲတာ၊ ဖမ်းဆီးတာမျိုးတွေကို တားဆီးပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ဆီကို အကြောင်းကြားတဲ့သဘော ဖြစ်ပါတယ်’’ ဟု ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်၊ တရားစွဲဆိုကာ ဖမ်းဆီးခံထားရသော သတင်းမီဒီယာများမှ အယ်ဒီတာချုပ် များအား ၎င်းတို့ရင်ဆိုင်နေရသောအမှုများမှ အမြန်ဆုံးရုပ်သိမ်းပယ်ဖျက်ပေးရန်နှင့် ယင်းသို့ဆောင်ရွက်မှုများ ရှေ့ဆက်မဖြစ်ပေါ်စေရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ လှမ်းချီနေသော အစိုးရတစ်ရပ်အနေဖြင့် လူသားချင်း စာနာမှုအပြည့်နှင့်အတူ တားဆီးပေးနိုင်ပါရန် လေးစားစွာဖြင့် စာရေးပေးပို့အပ်ပါသည် ဟု BNI ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်များကို ထုတ်လွှင့်ခဲ့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်အခြေစိုက် BNI အဖွဲ့ဝင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဥ္ဇရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ်  ကိုသာလွန်ဇောင်းထက် (ခ) လှိုင်းသစ်ဇင်ဝေတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် မတ်လ (၃၁) ရက်နေ့က သက်ဆိုင်ရာရဲစခန်းတို့မှ အမှုဖွင့်တရားစွဲဆိုခဲ့ကြသည်။

ဦးခိုင်မြတ်ကျော်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သကဲ့သို့ ဘီဘီစီမြန်မာပိုင်းတွင်လည်း အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သတင်းဌာနအဖွဲ့ဝင် (၁၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် BNI ၏ မူဝါဒရေးရာကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၎င်းကိုတရားစွဲဆိုသည့် ညနေပိုင်းတွင် စစ်တွေမြို့ရှိ နိဥ္ဇရာသတင်းဌာနမှ အကြီးတန်း သတင်းထောက် (၃) ဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော်လည်း စစ်ဆေးမေးမြန်းပြီးနောက် ရဲစခန်းက ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ကိုသာလွန်ဇောင်းထက်သည် ယခုလက်ရှိတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး (၂) တာဝန်ယူထားသူတစ်ဦးဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့ကလည်း မန္တလေးမြို့အခြေစိုက် Voice of Myanmar (VOM) အယ်ဒီတာချုပ် ကိုနေမျိုးလင်း (ခ) ကိုနေလင်းကို ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်များကို ထုတ်လွှင့်ခြင်းကြောင့်ဆိုသည့် အကြောင်းပြချက်ဖြင့်ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀) က၊ (၅၂) က တို့ဖြင့် တရားစွဲဆိုပြီးမန္တလေးတိုင်းဒေသကြီးရဲစခန်းတွင်ထိန်းသိမ်းထားခြင်းခံရသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မေလ ၁ ရက်နေ့ကလည်း BNI ၏ အဖွဲ့ဝင်မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Development Media Group (DMG)၏ အယ်ဒီတာချုပ်  ကိုအောင်မင်းဦးနှင့် အခြားတာဝန်ရှိသူများကိုစစ်တွေမြို့ အထူးသတင်းတပ်ဖွဲ့ (SB) က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ (၁၇/၂) ဖြင့် စစ်တွေအမှတ် (၁) ရဲစခန်းတွင် ယနေ့ချိန်ထိ အမှုဖွင့်ထားဆဲဖြစ်သည်ဟု သိရသည်။

BNI ၏ မူဝါဒရေးရာကော်မတီဥက္ကဌ မနန်းဖော့ဂေက “သတင်းမီဒီယာတွေအနေနဲ့ သတင်းကို ရေးသားဖော်ပြဖို့ရာမှာ ဘက်မျှမှုရှိအောင် သတင်းသမားတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွယ်မေးမြန်းရပါတယ်။ နိုင်ငံတကာမှာလည်း အလားတူပါပဲ၊ အခုက အစိုးရက မတ်လ (၂၃) ရက်မှာ မတရားအသင်း အဖြစ် ကြေညာလိုက်တဲ့ AA အဖွဲ့ကို ဆက်သွယ်မိလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတာမျိုးထက် သတိပေးမှု၊ ညှိနှိုင်းမှုအဆင့်တွေနဲ့ သတင်းမီဒီယာကောင်စီကတဆင့် ဆောင်ရွက်စေချင်ပါတယ်’’ ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် United League of Arakan(ULA), Arakan Army(AA) လက်နက်ကိုင်တပ်ဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မတ်လ (၂၃) ရက်နေ့က ကြေညာခဲ့သည်။

ယခုအချိန်သည် တစ်ကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် စိုးရိမ်ထိတ်လန့်ကာ စောင့်ကြည့်စစ်ဆေး၊ ထန်းချူပ်ရေးလုပ်ဆောင်မှုများကို နိုင်ငံအသီးသီးကလုပ်ဆောင်နေကြသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နိုင်ငံသူနိုင်ငံသားများအား ပညာပေးမှုများ၊ သတိပေးစကားများပြောကြားလျက်ရှိကာ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပညာပေးရာတွင် နိုင်ငံအတွင်းရှိ သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးလှသည်ဟု BNI ၏ပေးစာတွင်ဖော်ပြထားသည်။

“မှန်ကန်တိကျခိုင်မာသည့် သတင်းအချက်များကို အသိပေးမှု၊ ပညာပေးမှုအားဖြင့် အားကြိုးမာန်တက် လုပ်ကိုင်နေကြသည့် မီဒီယာသမားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးမှာ လွန်စွာလိုအပ်လျက်ရှိပြီး သတင်းမီဒီယာသမားများသည် တိုင်းပြည်တွင် ရာဇဝတ်မှုကို ကျူးလွန်နေကြသူများမဟုတ်ကြပါ” ဟု အဆိုပါအိတ်ဖွင့်ပေးစာတွင်ဖော် ပြထားသည်။

Burma News International – BNI ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေရှ့်၊ မြန်မာ-အိန္ဒိယနယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်းလေးခု Mizzima , Narinjara, Kaladan Press Network နှင့် Khonumthung News တို့မှ ၂၀၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် စတင်တည်ထောင်ခဲ့ကြပြီး ယခုလက်ရှိတွင် အဖွဲ့ဝင်တိုင်းရင်းမီဒီယာစုစုပေါင်း (၁၆) ဖွဲ့ရှိပြီဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...