By လားနွန် – ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ကာ Covid-19 ကြောင့် ဒုက္ခအတိရောက်နိုင်သူများအား ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် ဥရောပ (၁၇) နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များစုပေါင်း၍ ဧပြီလ ၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။
ယခုအချိန်တွင် ကမ္ဘာအရပ်ရပ်မှနိုင်ငံများအနေဖြင့် Covid-19 ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အတိဒုက္ခရောက်နိုင်သည့် အခြေအနေတွင်ရှိနေသူများအား ကာကွယ်စောင့်ရှောက်ရန် ဦးစားပေးဆောင်ရွက်ရ မည်ဖြ စ်ပြီး စစ်ရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ဖယ်ကျဉ်ခံရသူများနှင့် နေရပ်စွန့်ခွာရသူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ များကို လည်းအဟန့်အတားဖြစ်စေပါသည်ဟု သံအမတ်များ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသော မိသားစုများ၏ အကျိုးအတွက် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများရပ်တန့်ပြီး ပဋိပက္ခများ ဆွေးနွေးအဖြေရှာကြရန် နှင့် အင်တာနက်နှင့် မီဒီယာကန့်သတ်မှုများကို ဖယ်ရှားပေးရန် သံအမတ်များက တိုက်တွန်းထားပါသည်။
မြန်မာနိုင်ငံဆိုင်ရာသံအမတ်များ၏ ကြေညာချက်အတိုင်း နေရပ်စွန့်ခွာသည့်ပြည်သူများနောက်ထပ်မ ရှိစေရေးအတွက် တိုက်ပွဲများရပ်တန့်ရန်လိုအပ်ပြီး စစ်ဘေးရှောင်စခန်းများတွင် Covid-19 ရောဂါကာကွယ်စောင့်ရှောက်မှုများပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်သည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“စစ်ပွဲနဲ့ ကြုံတွေ့နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေမှာ စစ်ပွဲရှိနေတဲ့အခါကျတော့ အဲဒီရောဂါတိုက်ဖျက်ရေးလုပ်တဲ့နေရာမှာ ပြင်ဆင်မှုတွေလည်းပဲ အခက်အခဲရှိတယ်၊ အထူးသဖြင့် IDPs ကသောင်းဂဏန်း ပလက်ဝမြို့နယ်မှာရှိနေတယ် ။ ရခိုင်ပြည်နယ်မှာလည်းပဲ တစ်သိန်းနီးပါးရှိနေတယ်။ သူတို့တွေကတော်တော်လေးကို စိုးရိမ်စရာအနေအထားတွေဖြစ်တယ်၊ တကယ်လို့ဖြစ်ပွားလာလို့ရှိရင်တော်တော်လေးကို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပွားနိုင်တဲ့အနေအထားဖြစ်နေတယ်၊ ဒါကြောင့် စစ်ပွဲတွေရပ်ပြီး အဲဒီဒေသမှာ ကျနော်တို့ COVID-19 နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ကုလသမဂ္ဂက နိုင်ငံတကာအဖွဲ့အစည်းဖက်ကရော ဒီဖက် အစိုးရနဲ့ ပြည်သူလူထုကရော ဝိုင်းဝန်းပြီးတော့ ပြင်ဆင်သင့်တယ်”ဟု ပြောသည်။
ကမ္ဘာအရပ်ရပ်က လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မတ်လ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများ ရပ်တန့်ကာ Covid-19 အတွက် ဦးစားပေးဆောင်ရွက်ကြရန် သံအမတ်များက တိုက်တွန်းကြခြင်းဖြစ်သည်။
ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) မှ ဦးစောမြက “အခုလက်ရှိတိုက်တွေခိုက်နေတဲ့ဟာတွေဟာ ပြန်ဖြေလျှော့ဖို့လိုမယ်။ အခုကျနော်တို့ဖက်မှာဖြစ်နေတော့ ဒုက္ခသည်တွေတစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက်များလာတယ်၊ နှစ်ဖက်စလုံးကတော့ လိုက်နာဖို့လိုတယ်။ သူတို့ကြားမှာ ဆွေးနွေးတဲ့စကားဝိုင်းတစ်ခုပေါ်အောင်လုပ်ဖို့လိုနေတာ” ဟု ပြောသည်။
ယခုကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ် ၊ ဥရောပသမဂ္ဂ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ် ၊ဂျာမနီ၊၊ နယ်သာလန်၊ နယူးဇီလန် ၊ နော်ဝေ ၊ ပိုလန် ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူရကီ၊ ဗြိတိန် ၊အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များက စုပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။







