ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အခြားမြို့နယ်များမှ ဆန်သယ်ယူခွင့်ကို ရှင်းလက်ဝအခြေစိုက် တပ်မ (၇၇) က ကန့်သတ်ပိတ်ပင်မှုရှိနေပြီး ၎င်းတို့ကိုယ်တိုင်က ဆန်စျေးနှုန်းများကို အဆမတန် မြှင့်တင်ကာ ရောင်းချမှုများ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
မကြာသေးမီရက်ပိုင်းက ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ငါးအုပ်စု စုပေါင်း၍ မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ဆန်ဝယ်ယူရန် သွားရောက်ခဲ့ကြသော်လည်း ရှင်းလက်ဝကျေးရွာတွင် တပ်စွဲထားသည့် တပ်မ (၇၇) က အခြားမြို့နယ်များမှ ဆန်များဝယ်ယူပါက သယ်ယူခွင့်ပြုမည် မဟုတ်ကြောင်းပြောဆိုကာ တပ်မတော်က ရောင်းချသည့် ဆန်ကိုသာဝယ်ယူရန် ပြောဆိုခဲ့သည်ဟု လိုင်လင်းပီမြို့သို့ ဆန်ဝယ်ရန်သွားရောက်သည့်အဖွဲ့တွင် ပါဝင်သူတစ်ဦးက ခိုနူမ်းသုန်ကို ပြောသည်။
“လိုင်လင်းပီကို သွားမယ်ဆိုရင် ရှင်းလက်ဝကို ဖြတ်ရတယ်၊ အဲဒီရှင်းလက်ဝမှာ တပ်မ (၇၇) ဆိုတာ ရှိတယ်။ သတင်းပို့ရတယ်၊ ကျနော်တို့ကလည်း လိုင်လင်းပီဘက်မှာ ဆန်ဝယ်မယ်ဆိုပြီးပြောတော့ ဆန်ဝယ်ဖို့ဆိုရင် ခွင့်မပြုဘူးတဲ့၊ ရှင်းလက်ဝမှာပဲ ဝယ်လိုက်ပါတဲ့၊ ရှင်းလက်ဝမှာက စျေးကကြီးတယ်ဆိုတော့ မဝယ်နိုင်ဘူးလေ၊ ဆန်တစ်အိတ်ကို ကျပ် ၆ သောင်းကျော်ဆိုတော့ မဝယ်နိုင်ဘူးလေ၊ လိုင်းလင်းပီမှာက ဆန်တစ်အိတ်ကို ကျပ် နှစ်သောင်းကျော်ကျော်လောက်ပဲလေ၊ သယ်ယူခနဲ့တောင်မှ ၃သောင်းလောက်ပဲ ဆိုတော့ သက်သာတယ်လေ’’ ဟု အဆိုပါဒေသခံက ပြောပြသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲပိုမိုပြင်းထန်လာသည့်အတွက် ပလက်ဝ – ကျောက်တော် အကြား ရေလမ်း၊ ကုန်းလမ်းများ ပြီးခဲ့သည့်ဖေဖော်ဝါရီ လဆန်းပိုင်းကစ၍ ပြတ်တောက်ခဲ့ပြီး ပလက်ဝမြို့နယ်သို့ ဆန်၊ ဆီ၊ ဆား စသော မည်သည့် ကုန်စည်မှ သယ်ယူနိုင်ခြင်းမရှိတော့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပလက်ဝမြို့နယ်နေ ဒေသခံပြည်သူများအပါအဝင် စစ်ဘေးကြောင့် နေရပ်စွန့်ခွါနေကြသူများ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံတွေ့ နေကြရသည်။
ထို့ကဲ့သို့အခြေအနေမျိူးကြုံတွေ့နေရသည့်အချိန်တွင် ပလက်ဝမြို့နှင့် အနီးစပ်ဆုံးမြို့နယ်ဖြစ်သည့် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ဆန်စျေးနှုန်းသက်သာသည့်အတွက် ဆန်သယ်ယူရန်တောင်းဆိုခဲ့ကြသော်လည်း တပ်မတော်က သယ်ယူခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ရှင်းလက်ဝနဲ့ တရွှန်အိုင်ကျေးရွာမှာအခြေစိုက်တဲ့ စစ်တပ်တွေက စီးပွားရေးလုပ်တာလေ၊ ဒါကြောင့် ကျနော်တို့ လိုင်လင်းပီကဆန်တွေ ဝယ်သွားရင်တော့ သူတို့စီးပွားရေး ထိခိုက်တော့မှာလေ၊ သူတို့ (စစ်တပ်) ရောင်းတဲ့ဆန်က သူများတွေဝယ်ကြတော့မှာမဟုတ်ဘူး၊ အဲဒါကြောင့် သူတို့ခွင့်မပြုတာ’’ ဟု လိုင်လင်းပီမြို့သို့ ဆန်ဝယ်ရန် သွားရောက်သည့် အဖွဲ့တွင် ပါဝင်သော နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ရှင်းလက်ဝကျေးရွာတွင် အခြေစိုက်သည့် စစ်တပ်သည် ဆန်၊ ဆီ၊ ဆား အပြင် လောင်စာဆီများကိုလည်း စီးပွားဖြစ် ရောင်းချနေသည်ဟု အမည်မဖော်လိုသူ ရှင်းလက်ဝရွာသားတစ်ဦးကပြောသည်။
“အဲဒီမှာရှိတဲ့ တပ်က ဓာတ်ဆီတို့၊ ဆန်တို့၊ ဆီတို့ရောင်းတယ်၊ ဆန်ဆိုရင်လည်း တစ်အိတ်ကို ကျပ် ၆၂၀၀၀ နဲ့ရောင်း တယ်၊ ဓါတ်ဆီဆိုရင်လည်း တစ်ဂါလံကို ကျပ် ၈ ထောင်၊ တစ်သောင်း ၊ အဲလိုရောင်းတယ် ။ တချို့ဆိုင်တွေက ၆ ထောင် လောက်နဲ့ရောင်းရင်တောင် မရောင်းနဲ့ဆိုပြီးပြောတယ်၊ အဲဒါကျနော်တို့တော်တော်ဒုက္ခရောက်တယ်၊ စစ်တပ်ဆိုတာ စီးပွားရေးလုပ်ဖို့လာတာမဟုတ်ဘူး၊ စစ်တိုက်ဖို့၊ ပြည်သူလူထုကို ကာကွယ်ဖို့လာတာမဟုတ်ဘူးလား၊ အေအေက နှိပ်စက်လိုက်၊ စစ်တပ်ကနှိပ်စက်လိုက်၊ ပြည်သူတွေက ဒုက္ခရောက်နေပြီ’’ ဟု ရှင်းလက်ဝဒေသခံကပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “တပ်ကတော့ နှစ်ပိုင်းရှိတာပေါ့နော်၊ ဆန်သယ်လို့ရှိရင် အဲဒီဆန်တွေက AA ဆီ ရောက်သွားမှာ ဆိုတာတစ်ပိုင်း၊ လိုင်းလင်ပီမှာဖြစ်ဖြစ်၊ ပခုက္ကူမှာဖြစ်ဖြစ် စျေးသက်သက်သာသာနဲ့ ရတယ်ဆိုပေမယ့် သူတို့လည်း ကျပ် ၇ သောင်း/၈ သောင်းနဲ့ ပြန်ရောင်းတယ်၊ အဲလိုဖြစ်နေတာ၊ တကယ့်ဒေသခံတွေ စားဖို့အတွက်ကိုရည်စူးတာမဟုတ်ဘူး၊ အမြတ်နဲ့ရောင်းစားဖို့ ရည်စူးချက်တွေ ရှိတယ်၊ အဲဒါကို တပ်ကလည်းသိတော့ တားတာ၊ တပ်ကလည်း ၆ သောင်းနဲ့ရောင်းတာ၊ တကယ်က တပ်ကလည်း အဲလောက် မတင်သင့်ဘူး၊ ဒေသခံလူကြီးတွေက ကိုယ့်ဒေသကလူတွေ စားဖို့အတွက်ကို တကယ်ကို သယ်တာဆိုရင်တော့ ကျနော်တို့ ပြောပေးမယ်။ အဲဒီတပ်ကို အဲလိုမဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်လည်း စီးပွားရေးအရ ရောင်းစားဖို့လုပ်နေတယ်ဆိုပြီး တပ်ကလည်း စွပ်စွဲတယ်၊ တပ်ကလည်း သူတို့ရဲ့ရိက္ခာအပိုအလျှံကို ရောင်းစားချင်တယ်၊ တစ်အိတ် ၆ သောင်းနဲ့ သူတို့ကလည်း စျေးသက်သာသာနဲ့ယူပြီးတော့မှ ၇ သောင်း၊ ၈ သောင်းနဲ့ရောင်းနေကြတယ်၊ ဒီလိုတွေရှုပ်ထွေးနေတာ’’ ဟု ပြောသည်။
ယခုလက်ရှိတွင် ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်းလမ်းပြတ်တောက်နေသည့်အတွက် မတူပီ-ဆမီး-ပလက်ဝ လမ်းကိုအသုံးပြု၍ ပလက်ဝမြို့နယ်သို့ ရိက္ခာများပို့ဆောင်ရန်စီစဉ်နေသော်လည်း ဆမီးအထိသာ ရောက်နိုင်ပြီး ဆမီးမှ ပလက်ဝအထိ အရောက်ပို့ရန် လုံခြုံရေးအရ အခက်အခဲဖြစ်နေသည်ဟု ဝန်ကြီးက ဆက်ပြောသည်။
ထို့ကြောင့် ချင်းပြည်နယ်အစိုးရအနေဖြင့် လိုင်လင်းပီနှင့် ရှင်းလက်ဝကျေးရွာအကြား လမ်းကြောင်းကို ကုန်တင်ကားသွားနိုင်ရန် အရေးပေါ်ဖေါက်လုပ်ကာ ယခုအခါ ကားသွားနိုင်ပြီဖြစ်သည်။
ပလက်ဝမြို့နယ် ဒေသခံပြည်သူများအတွက် သီတဂူဆရာတော် လှူဒါန်းသည့် ဆန်အိတ် ၆၇၀ အနက် အိတ် ၂၇၀ သည်လည်း လိုင်လင်းပီ မှတဆင့် ရှင်းလက်ဝသို့ရောက်ရှိပြီဖြစ်ကြောင်း၊ ကုလားတန်မြစ်အထက်ပိုင်းတွင်ရှိသည့် ဒေသခံပြည်သူများအား အခမဲ့ဖြင့် ခွဲဝေပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။







