ကချင်စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်ရေး လက်ဆေးရန် ရေ အလုံအလောက် မရှိ

ကချင်စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်ရေး လက်ဆေးရန် ရေ အလုံအလောက် မရှိ

Covid-19 ကူးစက်ရောဂါကာကွယ်ရန် လက်ဆေးခြင်းသည် အဓိကဖြစ်သော်လည်း ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းအချို့တွင် လက်ဆေးရန် ရေအလုံအလောက်မရှိသည့်အပြင် အခြားကာကွယ်ရေးပစ္စည်းများ ပြတ်လပ်နေကြောင်း သိရသည်။

   

“ကျနော်တို့ စစ်ရှောင်စခန်းမှာ လက်ဆေးဖို့ ရေမပြောနဲ့။ ရေသောက်ဖို့တောင်အနိုင်နိုင် ဖြစ်နေတယ်။ အိမ်ခြေစုစုပေါင်း တစ်ရာကျော်မှာ Karuna Mission Social Solidarity (Catholic KMSS)ကနေ တူးပေးထားတဲ့ ရေတွင်းက တစ်တွင်းပဲ ရှိတယ်။ အဲရေတွင်းကလည်း နှစ်နာရီလောက် စုပ်လိုက်ရင် ခမ်းသွားပြီ။ အဝီစိတွင်းတူးဖို့ အရင်ကတော့ သုံးဖွဲ့လောက် တူးပေးဖူးသေးတယ်။ ဒါပေမယ့် မအောင်ဘူး”ဟု မြစ်ကြီးနား တြီနီတီ စစ်ရှောင်စခန်းတာဝန်ခံ ဆရာ N’lam Kying က ပြောသည်။

 

ရေလုံလောက်မှု မရှိသည့် စစ်ရှောင်စခန်းအချို့တွင် အခက်အခဲတွေ့ စိုးရိမ်မှု များစွာ ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

စစ်ရှောင်စခန်းများ၌ ပြင်ပလူဝင်ရောက်မှု ပိတ်ပင်ထားပြီး အဝင်တံခါးတွင် လက်ဆေးစင်များ အသင့်ထားရှိသည်။

“လက်ဆေးဖို့တော့ အရမ်း ပြောနေကြတယ်။ ဒါပေမယ့် ရေကတော့ လောက်မယ့် အခြေအနေ မရှိဘူး။ ခု ဒီစခန်း အဝင်ပေါက်မှာလည်း လက်ဆေးရေက အချိန်ပြည့် ထားရတဲ့ အချိန်ကျတော့ ရေလုံလောက်မှု မရှိဘူး။ နောက် ဧပြီလဆိုရင် ရေတွင်းတွေက ပိုပြီးတော့ ရေ ခမ်းခြောက်သွားနိုင်တယ်။ နောက်လဆိုရင် သောက်ရေတောင် ခက်လာမယ့် အနေအထားမှာ ရှိနေတယ်”ဟု  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ဆိုသည်။

ကချင်ပြည်နယ်တွင် နှာခေါင်းစည်း၊ လက်ဆေးရည် (Hand Gel) များ ဝယ်ယူရန် ခက်ခဲနေသည့်အပြင် ဈေးနှုန်းမြင့်နေ၍ စစ်ရှောင်ပြည်သူများ ဝယ်မသုံးနိုင် ဖြစ်ရကြောင်း မိုင်းနားစစ်ရှောင်စခန်းတာဝန်ခံ Slg. Brang Mai က ပြောသည်။

“ကျနော်တို့ဆီမှာ သက်ဆိုင်ရာ အစိုးရဌာနကနေပြီးတော့ ဒီ Covid-19 ရောဂါပိုးကာကွယ်နိုင်ဖို့တွက် ထောက်ပံ့တာတွေ ဘာမှမရှိဘူး။ ခုအဝင်ပေါက်မှာထားတဲ့ လက်ဆေးရည်တောင်မှ ကျနော်တို့တတ်နိုင်သလောက်ဝယ်ထားတာဖြစ်တယ်” ဟု ပြောသည်။

စစ်ရှောင်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်ရန် တောင်ယာစိုက်ခင်းတွင် လုပ်ကိုင်နေသူများ မတ်လကုန် နောက်ဆုံးထား ပြန်လာရန် ညွှန်ကြားထားပြီး နောက်ကျသူများကို (၁၄)ရက် quarantine လုပ်ထားပြီးမှသာ စခန်းကို ပြန်လည်ဝင်ခွင့်ပေးမည်ဟု စခန်းတာဝန်ခံများထံက သိရသည်။

သို့သော်လည်း နေ့လုပ်နေ့စားဖြင့် အသက်မွေးနေရသော စစ်ရှောင်ပြည်သူများအဖို့ အပြင်မထွက်ရ သတ်မှတ်လိုက်ပြီးနောက် ဝမ်းရေးအတွက်ပင် ခက်ခဲလာမည့်အခြေအနေကြောင့် quarantine လုပ်ရန် ခက်ခဲနေကြောင်း ဆက်လက်ပြောဆိုသည်။

ထို့အပြင် စစ်ရှောင်စခန်းများတွင် ကိုရိုနားဗိုင်းရပ်စ် ပညာပေးအစီအစဉ်များ၊ ကာကွယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း စခန်းတာဝန်ခံများက ပြောသည်။

   

“လောလောဆယ်တော့ စခန်းတာဝန်ခံတွေပြောတဲ့အတိုင်း အပြင်မထွက်ကြနဲ့ဆိုတော့ စခန်းမှာပဲ အတတ်နိုင်ဆုံးနေတယ်။ အရေးတကြီးလိုအပ်မှ အပြင်ခဏ ထွက်တယ်။ ဖြစ်နိုင်ရင်တော့ ကျမတို့စစ်ရှောင်စခန်းတွေမှာ ရောဂါပိုးနဲ့ပတ်သက်တဲ့ဆေးတွေ လာဖြန်းပေးစေချင်တယ်။ ပြီးတော့ ရောဂါကာကွယ်ရေးပစ္စည်းတွေလည်း ထောက်ပံ့ပေးပါလို့တောင်းဆိုချင်တယ်။ ကျမတို့အနေနဲ့အပြင်မှာဝယ်ဖို့လည်း မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေတယ်” ဟု ပလနရပ်ကွက် Trinity Camp မှ စစ်ရှောင်တစ်ဦး ဆိုသည်။

ကချင်ပြည်နယ်တွင်ရှိ စစ်ရှောင်စခန်းများမှာ အစိုးရထိန်းချုပ်နယ်မြေတွင် စခန်းပေါင်း ၁၁၉ ခုရှိကာ အစိုးရထိန်းချုပ်မှု မရှိသည့်နယ်မြေတွင် စခန်းပေါင်း ၂၀ ရှိပြီး လူဦးရေအားဖြင့် စုစုပေါင်း ၁သိန်းကျော်ရှိနေဆဲဖြစ်သည်။

<><><>

တြီနီတီစစ်ရှောင်စခန်း

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...