ပလက်ဝမြို့နယ် စစ်ဘေးရှောင် ၆၀ ဦးကျော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိရွာဖြစ်သည့် ထန်တလန်မြို့နယ် သီကီးရ်ရွာ ဖက်သို့ ပြောင်းရွှေ့နေထိုင်ရန် စတင်ထွက်ခွါလာပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးက ပြောသည်။
ပလက်ဝမြို့နယ် မီးလက်ဝရွာနှင့် မိတ်စာဝရွာမှ အိမ်ထောင်စု ၁၃ စုမှ လူဦးရေ ၆၃ ဦးတို့ စစ်ဘေးက တိမ်းရှောင်လာခြင်း ဖြစ်သည်။ မီးလက်ဝ အောက်ရွာရှိ အိမ်ထောင်စု ၈ စုမှ လူဦးရေ ၃၉ ဦးနှင့် ဆမီး၊ မိတ်စာဝရှိ အိမ်ထောင်စု ၅ စုမှ လူဦးရေ ၂၄ ဦး ဖြစ်သည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “နိုင်ငံတော် အတိုင်ပင်ခံလာတုန်းက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လှူဒါန်းပေးထားတဲ့ တန်ဖိုးနည်း အိမ်ရာ အလုံး ငါးဆယ် လှူပေးထားတာ ရှိတယ်။ အဲဒီနေရာမှာ နေရာချပေးဖို့ စီစဉ်ပေးထားတယ်”ဟု ပြောသည်။
သီကီးရ်ရွာသို့ စစ်ဘေးရှောင်များ ပထမအသုတ် ရောက်ရှိပြီးဖြစ်ပြီး ယခုအုပ်စုမှာ ဒုတိယအသုတ်ဖြစ်သည်။ ယခုလအစောပိုင်း ရောက်ရှိရန် ဆောင်ရွက်ခဲ့သော်လည်း တိုက်ပွဲပြင်းထန်ခြင်းကြောင့် လမ်းကြောင်းပိတ်ပြီး မလာနိုင်ဘဲ ယခုမှ လာနိုင်ခြင်းဖြစ်သည်။
“ပလက်ဝဖက်က လူတွေကလည်း ဒီဖက်ကို ဘယ်လိုမှ လာလို့မရဘူး။ ဆမီးအထိ လာဖို့တောင် အဆင်မပြေဘူး။ အခုမှ လာလို့ရလို့ လာကြတာ ပလက်ဝမှာ နေလို့ထိုင်လို့ အဆင်မပြေကြဘူး။ နေ့တိုင်း သေနတ်သံတွေ ဗုံးသံတွေ ကြားနေရတော့ ဘယ်သူမှ မနေရဲတော့ဘူး။ နောက်ထပ် လာဖို့လည်း ပြင်ဆင်နေကြတယ်”ဟု ဦးစိုးထက်က ပြောသည်။
ပြောင်းရွှေ့နေထိုင်ကြမည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် ပြည်တွင်း ပြည်ပ အလှူရှင်များ လှူဒါန်းထားသည့် ဆန်များရှိပြီး လတ်တလောအဖို့ အဆင်ပြေနိုင်ကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် နှင့် မြန်မာ့တပ်မတော် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဆမီးမြို့သို့ စစ်ဘေးရှောင်လာသူ ၂၄၀၀ ဦးရှိကြောင်းလည်း သိရသည်။







