တန်ရာတန်ကြေးပေးမည်ဟု ဆိုကာ တောင်းခံလာသည့်အတွက် AA ကို ဆန်အိတ် (၂၀) ခွဲဝေပေးခဲ့ရဟု ဆို

တန်ရာတန်ကြေးပေးမည်ဟု ဆိုကာ တောင်းခံလာသည့်အတွက် AA ကို ဆန်အိတ် (၂၀) ခွဲဝေပေးခဲ့ရဟု ဆို

By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ပြည်သူများအတွက် သယ်ယူလာသည့် ဆန်အိတ် (၁၀၀) အနက် အိတ် (၂၀) ကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က တန်ရာတန်ကြေးပေးကာ ဝယ်ယူမည်ဟုဆိုကာ အကူအညီတောင်း ခံလာ သည့်အတွက် ခွဲဝေပေးလိုက်ရသည်ဟု ပလက်ဝစားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းလှ ကပြောသည်။

ပလက်ဝမြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များ ခွဲဝေရန်အတွက် ဆန်အိတ် (၁၀၀) ကို မတ်လ ၂၉ ရက်နေ့က ဆမီးမြို့မှ ပလက်ဝမြို့သို့ သယ်ယူလာသည့် ကားကို AA တပ်ဖွဲ့ ရပ်တန့်စစ်ဆေးကာ ဆန်အိတ်များလုယူသွားသည်ဟု  ချင်းပြည်နယ်အစိုးရအဖွဲ့က မတ် ၃၀ တွင် ပြောဆိုခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပလက်ဝစားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းလှကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ AA တပ်ဖွဲ့အနေဖြင့် ဆန်အိတ်များကို အတင်းအဓမ္မလုယူခြင်းမဟုတ်ဘဲ အိတ် (၂၀) ကို တန်ရာတန်ကြေးပေးကာ ဝယ်ယူမည်ဟုဆိုကာ တောင်းခံလာသည့်အတွက် ခွဲပေးလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော်ပြောမယ်။ အိတ် (၂၀) ကိုတော့ သူတို့ကတန်ရာတန်ကြေးပေးပြီး ခွဲပေးဖို့ ကျနော်တို့ဆီကို အကူအညီတောင်းတယ်လေ။ အတင်းအဓမ္ မလုယူတာမဟုတ်ဘူး။ ကျနော်တို့ဆီအခွင့်တောင်းတယ်။ ဒီလိုတွေ ဒီလိုကြောင့် အခက်အခဲရှိတယ်။ ပြည်သူလူထုအတွက်လည်း နစ်နာစရာမလိုဘူး။ ကျနော်တို့ကို အိတ် (၂၀) ရောင်းစျေးနဲ့ ရောင်းပေးပါလို့ခွင့်တောင်းတယ်။ အဲဒါကျနော်တို့ ကော်မတီဝင်တွေက ခွင့်ပြုလိုက်တာ” ဟု ဦးစိန်ထွန်းလှကပြောသည်။

အဆိုပါဆန်အိတ်များကို တစ်အိတ်လျှင် ကျပ်ငွေ ၂၅၅၀၀ နှုန်းဖြင့် ပခုက္ကူမြို့တွင် ဝယ်ယူကာ မင်းတပ်-မတူပီ-ဆမီးမြို့အထိ ကားသမားများက စေတနာဖြင့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ဆမီးမြို့မှ တဆင့် ပလက်ဝမြို့သို့ပြန်သယ်လာသည့်အချိန်တွင် ပလက်ဝမြို့အရောက်ပေါက်စျေးမှာ ဆန်သယ်ခအပါအဝင် ကျပ်ငွေ ၃၂၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

အဆိုပါပေါက်စျေးအတိုင်း ဆန်အိတ် ၂၀ ကို ၃၂၀၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဟုဆိုကာ AA တပ်ဖွဲ့က ဆန်အိတ်များကို ယူသွားခဲ့သော်လည်း ကျသင့်ငွေကို တစ်ပါတည်းပေးချေခြင်းမရှိသေးကြောင်း၊ AA တပ်ဖွဲ့ဝင်များက လာရောက်ပေးချေမည်ဟု ကားသမားများထံ မှာကြားခဲ့သည်ဟု ဦးစိန်ထွန်းလှကပြောသည်။

ကျန်ရှိသည့် ဆန်အိတ် (၈၀) မှာ မတ်လ ၂၉ ရက်ညက ပလက်ဝမြို့ပေါ်သို့ရောက်ရှိသွားပြီဟုသိရသည်။

ဦးစိန်ထွန်းလှက “ပိုက်ဆံတော့ ကျနော်တို့ပြန်ရှင်းလိုက်မယ်တဲ့။ ကားသမားများကိုလည်း သူတို့မှာလိုက်ပါ တယ်။ တန်ရာတန်ကြေးကို သူတို့ပြန်လည်ရှင်းပေးမှာပါပေါ့နော်။ အပြင်မှာထက်တော့ စျေးသက်သာပါတယ်၊ အားလုံးကျန်းကျန်းမာမာနဲ့ ဆန်အိတ်လည်း အားလုံးရောင်းလိုက်တယ်။ အဆင်ပြေပါတယ် ၊ လောလောဆယ်တော့ ကျနော်တို့က (၁၀၀) လောက်ပဲသယ်ပါတယ်၊ လောလောဆယ်တော့ ခုစတဲ့ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမရတော့ သယ်ဖို့အတွက် ရပ်ဆိုင်းထားလိုက်တယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ဆန်၊ ဆီ၊ ဆား နှင့် အခြေခံစားသောက်ကုန်များကို ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှတဆင့် အဓိက သယ်ယူလေ့ရှိကြပြီး တပ်မတော်နှင့် AA အကြားတိုက်ပွဲပြင်းထန်လာ သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်ဝနှင့် ကျောက်တော်အကြားဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများပြတ်တောက်ခဲ့သောကြောင့် စားနပ်ရိက္ခာ အခက်အခဲနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...