လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုးများ နေထိုင်ရာ ကျေးရွာတွင် တစ်ဦး သေ၊ နေအိမ်ငါးလုံး ပျက်စီး

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုးများ နေထိုင်ရာ ကျေးရွာတွင် တစ်ဦး သေ၊ နေအိမ်ငါးလုံး ပျက်စီး

Salai Khup Khup - ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းတိုင်းရင်းသား များနေထိုင်ရာ ချောင်းနက်ကျေးရွာတွင် မြန်မာ့တပ်မတော်က မတ်လ(၃၀)ရက်တွင် လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် (၅၁)နှစ်အရွယ် ချင်းအမျိုးသား တစ်ဦး သေဆုံးပြီး လူနေအိမ် ၅ လုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံ တစ်ဦးက “မနေ့က (မတ် ၃၀)  ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ ဖြစ်သွားတာဖြစ်တယ်။ ကြောက်တာလည်း အရမ်းလည်းကြောက်တယ် ။ ဘယ်ကိုထွက်ပြေးရမလဲတောင် မသိဘူး ။အရမ်းလည်း စိုးရိမ်တယ်။ ကျွန်တော်တို့ အခု စစ်မြေပြင်မှာ နေနေရသလိုပဲ၊ ကိုရိုနာဗိုင်းရပ်စ် ကြောက်နေရတာ တစ်မျိုး၊ လက်နက်မှန်မှာ ကြောက်ရတာကတစ်မျိုး”ဟု ပြောသည်။

မြန်မာ့တပ်မတော်က လေယာဉ်နှစ်စင်းဖြင့် ၁၅ မိနစ်ကြာ ဗုံး ကြဲသွားရာ ဒေသခံတစ်ဦး သေဆုံးရသည့်အပြင် တစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း ဒေသခံတို့က ဆိုသည်။

ထိခိုက်ဒဏ်ရာ ရရှိသူနှင့် သေဆုံးသူများအတွက် မြန်မာ့တပ်မတော်ဖက်က တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်းဒေသခံများက ပြောသည်။

“တပ်မတော်အနေနဲ့ လက်နက်တွေ လက်လွတ်စပယ် ပစ်ခတ်တာကို ရှောင်ရှားဖို့ရယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျေးရွာအနီးအနားမှာ တိုက်ပွဲဖြစ်တာတွေ ရှောင်ရှားပေးစေချင်တယ်၊ တကယ်လို့ မှားတာတွေ ကျူးလွန်မိတာတွေ ရှိခဲ့ရင် တာဝန်ယူမှုနဲ့ တာဝန်ခံမှု အပြည့် ရှိစေချင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ချောင်းနက်ကျေးရွာမှာ ချင်းလူမျိုးများ အဓိက နေထိုင်သည့် ရွာဖြစ်ပြီး အိမ်ခြေ ၁၇၀ ရှိသည်။ မြန်မာ့တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၉) နှင့်  နှစ်မိုင်အကွာတွင် ရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...