တရုတ်နယ်စပ်ဒေသ လိုင်ဇာမြို့ကို Lockdown ပြုလုပ်မည် မဟုတ်သေးဟု ကေအိုင်အို ပြော

တရုတ်နယ်စပ်ဒေသ လိုင်ဇာမြို့ကို Lockdown ပြုလုပ်မည် မဟုတ်သေးဟု ကေအိုင်အို ပြော

တရုတ်နယ်စပ်ဒေသရှိ ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့ကို အဝင်အထွက် ပိတ်ပင်မှု မပြုလုပ်သေးကြောင်း ကေအိုင်အို/ကေအိုင်အေ မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လိုင်ဇာမြို့အဝင်၊အထွက် ပိတ်ပင်မှုမပြုလုပ်သေး သော်လည်း COVID-19 ကြိုတင်ကာကွယ်ရန်အတွက် ကော်မတီဖွဲ့စည်းပြီး နယ်စပ်ဂိတ်များတွင် ကိုယ်ပူချိန်တိုင်းတာပေးခြင်းတို့ကို နေ့စဉ်ပုံမှန် ဆောင်ရွက်လျက် ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

” သံသယလူနာက မတွေ့သေးဘူး။ လိုင်ဇာမြို့အဝင်အထွက်ကို လိုအပ်လာရင် ပိတ်လိုက်ရပါမယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ပိတ်လိုက်တဲ့အထိတော့ မလုပ်ရသေးဘူး ။ ခုအချိန်မှာ ဝင်ထွက်သွားလာလို့ရသေးသော်လည်း မနက်ဖြန် တဘက်ခါမှာတော့ ဘယ်လိုရှိလာနိုင်မလဲဆိုတာကို မသိသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် အထူးကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်းနှင့် COVID-19 ရောဂါကာကွယ် တားဆီးရေး ကော်မတီဖွဲ့စည်းထားပြီးဖြစ်သည့် ဌာနဆိုင်ရာဗဟိုရုံးများ၊ သက်ဆိုင်ရာဌာနများအနေဖြင့် အောက်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်လည်း COVID-19 ရောဂါ ကာကွယ်တားဆီးရေးကော်မတီက မတ်လ ၂၈ရက်နေ့ ၌ ထုတ်ပြန်ကြေညာထားသည်။

ယင်းထုတ်ပြန်ချက်တွင်

- လူ ၂၀ဦးထက်ပိုပြီး စုဝေးခြင်းမပြုရ ၊ ဘုရားကျောင်းဝတ်ပြုခြင်း ယာယီရပ်ဆိုင်းခြင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ဘာသာရေးအသင်းအဖွဲ့များနဲ့ ဆွေးနွေးတိုင်ပင်ယူရန်။

   

- အသုဘလုပ်ခြင်းကို ၂၄နာရီအတွင်း လုပ်ရန် နှင့် မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို အုပ်ချုပ်ရေး နှင့် ကျန်းမာရေးဌာနမှ တိကျစွာစုံစမ်းဖော်ထုတ်ရန်။

   

- ကာရာအိုကေဆိုင်၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်များကို ယာယီပိတ်ထားရန်( စားသောက်ဆိုင်များတွင် အရက်သေစာ သောက်သုံးခြင်းမပြုရန်)။

   

- ညအချိန်ရောင်းချသည့် စားသောက်ဆိုင်များ ၊ စတိုးဆိုင်များ ည ၉နာရီအချိန်ထက်ကျော်ပြီး ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊

   

- ဌာနအတွင်းဖွင့်လှစ်သည့် သင်တန်းကျောင်းများတွင် လူအဝင်၊အထွက် ယာယီပိတ်ပင်ရန် စသည့်အချက်များပါဝင်သည်။

ယင်းအချက်များကို ဧပြီလ ၃၀ရက်နေ့ထိ မပြုလုပ်ရန် သတ်မှတ်ခြင်း ဖြစ်ပြီး အခြေအနေပေါ် မူတည်၍ စနစ်ပြောင်းလဲမှုများ ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

မျိုးမြတ်မြတ်ပန်

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...