မကြာခဏ လုယက်မှုသည် အေအေ၏ ပုံရိပ် ကျဆင်းစေပြီး လူထုမုန်းတီးမှု ဆက်ကြုံရန်သာရှိဟု ဝန်ကြီး ပြော

မကြာခဏ လုယက်မှုသည် အေအေ၏ ပုံရိပ် ကျဆင်းစေပြီး လူထုမုန်းတီးမှု ဆက်ကြုံရန်သာရှိဟု ဝန်ကြီး ပြော

Salai Khup Khup -  စစ်ဘေးကြောင့် အမှန်တကယ် ဒုက္ခရောက်နေသူများအတွက် ထောက်ပံ့ပစ္စည်းများကို ရက္ခိုင့်တပ်တော်(အေအေ) က မကြာခဏလုယူခြင်းသည် အေအေ၏ပုံရိပ်ကိုသာ ပိုမိုကျဆင်းစေမည်ဖြစ်ပြီး လူထု၏မုန်းတီးမှုကို ပိုမို ခံရမည်သာ ဖြစ်သည့်အတွက် ထောက်ပံ့ပစ္စည်း ပေးပို့မှုများကို မနှောင့်ယှက်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ရောင်းတာလည်းမဟုတ်ဘူး။ ဆန်ကလည်း နှစ်ဆသုံးဆလောက်စျေးတက်နေတာ။ ပိုက်ဆံလည်းရှာလို့မရဘူး။ တောင်ယာလည်းလုပ်လို့မရဘဲ ခက်ခဲနေတာကို တစ်ချို့က အခမဲ့ပေးသလို တစ်ချို့ကိုသက်သာတဲ့စျေးနှုန်းနဲ့ရောင်းပေးနိုင်အောင် အစိုးရအနေနဲ့စီစဉ်တာရှိတယ်။ ဒီဟာအပေါ်မှာ ခဏခဏလုတယ်ဆိုတာ သူတို့အတွက်လည်း ပုံရိပ်မကောင်းပါဘူး။ ပြည်သူရဲ့အမုန်းပေါ်အမုန်းဆက်ပွားဖို့ပဲရှိတာပေါ့။ စစ်ဖြစ်တဲ့နေရာမှာ လူထုကပါဝင်နေတာမဟုတ်ပဲ ခက်ခက်ခဲခဲရုန်းကန်နေရတာဖြစ်တဲ့အတွက် ဒါကိုတော့ အနှောက်အယှက်မပေးဖို့ကိုပြောချင်တာပါ” ဟုပြောသည်။

ပြည်ထောင်စုအစိုးရအပါအဝင် အလှူရှင်များ ဝိုင်းဝန်းအလှူထည့်ပြီး စားစရာမရှိ၊ လုပ်စရာမရှိသည့် အလုပ်လက်မဲ့များကို သွားရောက်လှူဒါန်းခြင်းဖြစ်သည့်အတွက် ခက်ခဲနေသည့် ပြည်သူများထံ ထောက်ပံ့ပစ္စည်းများ အမြန်ဆုံး ရောက်စေလိုကြောင်း၊ ဒုက္ခရောက်သူများကို ကြားမှ ဒုက္ခဆက်လက်ပေးနေခြင်းသည် လူမှုရေးအရသော်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုအနေဖြင့်လည်းကောင်း မဖြစ်သင့်သည့်အရာဟု ဝန်ကြီး ဦးစိုးထက်က ဖြည့်စွက်ပြောကြားသည်။

မတ်လ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝမြို့နယ်ရှိ ဒုက္ခသည်များအတွက် သယ်ဆောင်သည့် ဆန်အိတ် ၂၀၀ အနက် ဆန်အိတ် ၁၂၀ ကို အေအေတပ်ဖွဲ့က  ကြားဖြတ်လုယူပြီး ဆန်အိတ် ၂၀ ယူကာ ကျန်အိတ် ၁၀၀ ကိုပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ဆန်အိတ် အချို့ကို ပြန်လွှဲပေးပေမဲ့ တစ်ချို့တစ်ဝက်ကတော့ ပြန်ယူတယ်ပြောတယ်ဆိုတော့ တကယ့် ဒုက္ခရောက်တဲ့ နေရာ ငတ်တဲ့နေရာမှာ ခက်ခက်ခဲခဲနဲ့ သယ်ယူတဲ့ဟာ ဖြစ်တဲ့အတွက် ကြားမှာ ဒီလိုဖြစ်သွားတော့ ဘယ်လိုပြောလို့ ရနိုင်မှာလဲ။ သူတို့က ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ သူတို့ဘဲ သိမှာပေါ့။ ပလက်ဝမှာရော တခြားနေရာမှာရော ဒုက္ခရောက်တဲ့ ညီအစ်ကိုအများကြီးရှိတယ် ။ သူတို့တွေကို ထမင်းတော့ ဝဝ စားစေချင်တယ်”ဟုပြောသည်။

ခူမီးချင်းမျိုးနွယ်စုရေး ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ ညှိနှိုင်းရေးမှူး ဦးစောမြက “ရက္ခိုင့်တပ်မတော် အနေနဲ့ဒေသခံပြည်သူများရဲ့ စားနပ်ရိက္ခာများမယူဖို့ ပြောဆိုနေပေမဲ့ ပြောတဲ့စကားကို ချိုးဖောက်ပြီး လုယူနေသေးတာဖြစ်တယ်”ဟုပြောသည်။

အေအေအဖွဲ့ လုယူထားသည့် ဆန်အိတ် ၁၂၀ အနက် ပြန်ပေးလိုက်သည့် ဆန်အိတ် ၁၀၀ သည်ပလက်ဝမြို့သို့ရောက်ရှိပြီဖြစ်ပြီး ဒုက္ခသည်များကိုလည်း ယခုအခါဖြန့်ဝေနေပြီဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။

လုယူခံရသည့် ဆန်အိတ်များမှာ ချင်းပြည်နယ်အစိုးရမှ ဆမီးတွင် အရေးပေါ် စားနပ်ရိက္ခာအတွက် ထားရှိသည့် ဆန်အိတ် ၆၀၀ ထဲမှ ဖြစ်ပြီး ထိုဆန်အိတ်ထဲမှ အိတ် ၂၀၀ ကို မတ်လ ၂၉ ရက်နေ့တွင် ဆမီးမြို့မှ ပလက်ဝမြို့သို့ ကားသုံးစီးဖြင့် ပို့ခဲ့စဉ် အိတ် ၁၂၀ ကို လမ်းတွင် လက်နက်ပြ ခြိမ်းခြောက် လုယူခံခဲ့ရခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်တွင် စစ်ပွဲများ ပြင်းထန်နေသောကြောင့်  ကုန်းလမ်း ရေကြောင်းလမ်းများမှာ ပိတ်ထားသည်မှာ ၁ လကျော် ကြာပြီဖြစ်ပြီး မြို့ပေါ်တွင် ဆန်စျေးများ အပြင် စားသောက်ကုန်များ စျေးကြီးပြီး ဆန်အိတ်များကိုလည်း ဆမီးဖက်သို့ ဆိုင်ကယ်ဖြင့် သယ်ယူနေရကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...