ပလက်ဝဆေးရုံတွင် Covid-19 စောင့်ကြည့်လူနာ (၄) ဦးရှိ၊ အခြေခံ ဆေးဝါးများ လိုအပ်

ပလက်ဝဆေးရုံတွင် Covid-19 စောင့်ကြည့်လူနာ (၄) ဦးရှိ၊ အခြေခံ ဆေးဝါးများ လိုအပ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံခြားမှပြန်လာသည့် Covid-19 စောင့်ကြည့်လူနာ (၄) ဦးရှိပြီး အခြေခံဆေးဝါးများလည်း လိုအပ်နေသည်ဟု သိရသည်။

တရုတ်နိုင်ငံမှ ပြန်လာသူ (၁၈) ယောက်၊ စင်္ကာင်ပူနိုင်ငံမှ (၃) ယောက်နှင့် ကာတာနိုင်ငံမှ (၁) ယောက် စုစုပေါင်း (၂၂) ယောက်ကို ပလက်ဝဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိကာ စောင့်ရှောက်လျက်ရှိသည်။

ယင်းတို့အနက် (၁၇) ဦးမှာ စောင့်ကြည့်ရက်ကာလ (၁၄) ရက်ကျော်လွန်ပြီဖြစ်ပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိရသည့်အတွက် ပြန်လွှတ်လိုက်ပြီဟု ပလက်ဝပြည်သူ့ဆေးရုံ  ယာယီတာဝန်ခံ ဒေါက်တာအေးကျော်ကပြောသည်။

ယခုလက်ရှိ ဆေးရုံတွင် စောင့်ကြည့်လူနာ (၄) ဦးသာကျန်ရှိတော့ပြီး တစ်ဦးမှာ ဆမီးမြို့တွင် Home Quarantine အဖြစ် ထားရှိကာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည်လည်း ကောင်းမွန်သည့်အတွက် မကြာမီရက်ပိုင်းအတွင်း စောင့်ကြည့်လူနာအဖြစ်မှ လွတ်မြောက်ကြတော့မည်ဟု ဒေါက်တာအေးကျော်ကဆက်ပြောသည်။

“အခုဆေးရုံမှာရှိတဲ့သူတွေဟာ ဒီနေ့ဆိုရင် အဖျားလုံးဝမရှိတော့ဘူး၊ ချောင်းဆိုးတာ၊ နှာစေးတာမရှိဘူး၊ နောက်ထပ် (၃) ရက်လောက်ဆိုရင် စောင့်ကြည့်လူနာအဖြစ်ကနေ လွတ်တော့မှာပါ’’ ဟု ဒေါက်တာအေးကျော်ကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး ယခုလက်ရှိတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အပြင် ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသည့်ဒေသဖြစ်သည်။

ထို့အပြင် တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်လမ်း အစရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိသည့်အပြင် ပလက်ဝမြို့နယ်တွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများလည်း ပြတ်လပ်တော့မည်ဟုသိရသည်။

ပလက်ဝဆေးရုံအုပ် ဒေါက်တာစိုးသက်ဝင်းက “အဓိက ကတော့ ကိုဗစ်ကာကွယ်ဖို့ နှာခေါင်းစည်း (Mask) တို့၊ လက်ဆေးရည် (Handgel) တို့၊ အပူချိန်တိုင်းတဲ့ သာမိုမီတာတို့လိုအပ်တယ်၊ လတ်တလောသုံးဖို့တော့ရှိတယ်၊ ဒါပေမယ့် ကြာလာရင် ပြတ်လတ်တော့မယ့်အနေအထားမှာရှိနေတယ်’’ ဟုပြောသည်။

ပလက်ဝမြို့နယ်သည် အင်တာနက်လိုင်းများဖြတ်တောက်ခံထားသည့်အတွက် Covid-19 နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သော အသိပညာပေးမှုများ၊ ရောဂါအခြေအနေနှင့်ပတ်သက်သော သတင်းများကို ဒေသခံပြည်သူများမှ မသိရှိနိုင်သည့်အတွက် လက်ကမ်းစာစောင်များ၊ အသံချဲ့စက်များဖြင့် မြို့ပေါ်ရပ်ကွက်တွင် လိုက်လံဆော်သြနေကြရသည်ဟုသိရသည်။

ပလက်ဝမြို့နယ် အင်တာနက်လိုင်းများပိတ်ထားသော်လည်း ပြည်နယ်အစိုးရမှ COVID-19 နှင့်ပတ်သက်ပြီး ဖုန်းဖြင့်သော်လည်းကောင်း၊ မြို့နယ်များထံ တရားဝင်စာများဖြင့် ရောဂါကာကွယ်ရေး အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အင်တာနက်မရရင်လည်း ကျနော်တို့ ပြည်နယ်ကနေပြီးတော့ မြို့နယ်တွေကို တရားဝင်စာတွေနဲ့ ပို့တာတွေရှိတယ်၊ မတူပီကနေတဆင့် ပြန်ဖြန့်ပေးရမှာ အင်တာနက်မရပေမဲ့ ကျနော်တို့ ဖုန်းလိုင်းတွေရှိတယ်၊ ကြေးနန်းပို့တဲ့လမ်းကြောင်းရှိတယ်၊ တယ်လီဖုန်းနဲ့ပြောဆိုပြီးတော့ ဒီလိုလမ်းညွှန်တာတွေရှိတယ်၊ အခုက တယ်လီဖုန်းလိုင်းတွေရနေတဲ့အတွက် အဲဒီတာဝန်ရှိတဲ့လူတွေကို ပြည်နယ်ကနေ တိုက်ရိုက် လမ်းညွှန်ချက်တွေပေးနေတာတွေရှိပါတယ်၊ အင်တာနက်လိုင်းပေါ်တင်လို့မရပေမဲ့ ကြေးနန်းလမ်းလည်းရှိပါတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ကမ္တာတစ်လွှားလက်ရှိပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင်လည်း (၈) ဦးတွေ့ထားပြီဖြစ်ပြီး (၁) ဦးမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ကုသလျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် (၅) ဦး၊ နေပြည်တော်တွင် (၁) ဦး၊ မန္တလေးမြို့တွင် (၁) ဦး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...