KDA ဌာနချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာစစ်တပ် ထိန်းချုပ်

KDA ဌာနချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာစစ်တပ် ထိန်းချုပ်

မြန်မာစစ်တပ်လက်အောက်ခံ ကောင်းခါးပြည်သူ့စစ်(ယခင်အခေါ်အဝေါ် ကချင်ကာကွယ်ရေးတပ်မတော် (KDA)) နယ်မြေတွင် မတ်လ လဆန်းပိုင်းက မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိပြီးနောက် KDA ဌာနချုပ် Kawnghka နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အရှေ့ဘက် KDA ဌာနချုပ် Kawnghka နှင့် တပ်မဟာ (၁) ဌာနချုပ် Loi Hkang တို့ကို မြန်မာစစ်တပ် တပ်မ (၉၉) စစ်ကြောင်းများ၊ သံချပ်ကားများနှင့်တက်လာပြီး ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG သို့ပြောသည်။

“သူတို့(တပ်မတော်)က KDA ကို ဖျက်ဆီးချင်တဲ့သဘောရှိတယ်။ တပ်မဟာ (၁) နယ်မြေကို ဒီနေ့ (မတ်လ ၂၅) မှာ ထိန်းချုပ်ထားပြီးတော့ လက်နက်အားလုံးကိုလည်း သိမ်းယူသွားတယ်။ ခေါင်းဆောင်တွေကိုလည်း ခေါ်သွားပြီ။ ဒါကြောင့် အခု Loi Hkang ဘက်မှာဆို KDA တံဆိပ်ပါတဲ့ အင်္ကျီတွေ မဝတ်ဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။ ဖျက်ဆီးလိုက်တဲ့ ပုံပေါက်နေပြီ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဆက်လက်ပြီး Ja Yang နယ်မြေ အခြေစိုက်သော KDA တပ်မဟာ (၂)ဘက်သို့ တပ်မတော်စစ်ကြောင်းများ မတ်၂၆ရက်က ဝင်ရောက်လာစဉ် ကိုးကန့်တပ် MNDAA တပ်မဟာ (၂၁၁)လက်အောက် တပ်ရင်း (၂၀၄)နှင့် မွန်းလွဲပိုင်းမှ ညနေပိုင်းထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းတိုက်ပွဲတွင် ကိုးကန့်ဘက် KDA တပ်ရင်းဖွဲ့များပါဝင်မှု  ရှိ မရှိမသိရသေးပေ။ အစောပိုင်းက တပ်မတော် စစ်ကြောင်းများ ထိုနယ်မြေသို့ တက်မလာရန် KDA တပ်မဟာ ၂ ဘက်က သတိပေးထားကြောင်း သိရသည်။

Kawnghka ဒေသဝန်းကျင်မှ ဖမ်းမိသော ကျပ်ငွေ ၉၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးနှင့်  မူးယစ်ဆေးဝါး ထုတ်လုပ်စက်ရုံများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတကာ စစ်သံမှူးများ၊ နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် သတင်းမီဒီယာများကို အဆိုပါဒေသသို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် ခေါ်ယူကာ မတ် ၆ ရက်တွင်  ပြုလုပ်ခဲ့သည်။

၎င်းအစီအစဉ်သို့ The United States Drug Enforcement Administration၊ Thailand’s Office of the Narcotics Control Board၊ China’s National Narcotics Control Commissionနှင့် Australia Federal Police တို့လည်း တက်ရောက်ခဲ့သည်။

KDA မှာ ၁၉၉၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ခွဲထွက်ကာ Kachin Defense Army ကချင်ကာကွယ်ရေးတပ်မတော် အဖြစ် ရပ်တည်ရာမှ ၂၀၁၀ တွင် ကောင်းခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲခဲ့သည်။

လက်ရှိ KDA တွင် တရားဝင်အင်အား ၃၀၀၀ ခန့်ရှိပြီး တရားမဝင် ကိန်းဂဏန်းမှာမူ ၁၀၀၀၀ ခန့်ရှိနိုင်သည်ဟု ဒေသခံများ ခန့်မှန်းပြောဆိုသည်။ ထိပ်ပိုင်းခေါင်းဆောင်အဆင့်မှ အောက်ခြေ စစ်သားအဆင့်အထိ တရုတ်လူမျိုး အများအပြားပါဝင်ကြောင်း သိသည်။

တပ်မတော်ဘက်ကမူ KDA ကို အပြီးအပိုင် ဖျက်သိမ်းပြီး လက်နက် (၁၀)လက်ထက် မများသော လူအင်အားဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ ကို ပြန်လည် ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...