ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့သည့် ရွာ အစောင့်အရှောက်မဲ့သဖွယ် ဖြစ်နေကြောင်း ရွာ အုပ်ချုပ်ရေးမှူး ပြော

ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့သည့် ရွာ အစောင့်အရှောက်မဲ့သဖွယ် ဖြစ်နေကြောင်း ရွာ အုပ်ချုပ်ရေးမှူး ပြော

Salai Khup Khup, Shing Mang — အမေရိကန်နိုင်ငံ ပြန် တစ်ဦး ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ရွာတွင်  ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် ရွာကို မတ်လ ၂၄ ရက်က စတင်၍ အဝင်အထွက် ပိတ်ခြင်း Lockdown ပြုလုပ်ခဲ့ပြီး ရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အားနည်းနေကြောင်း ရွာအုပ်ချုပ်ရေးမှူး ဒိုးဇတွောင်က ပြောသည်။

“ရွာကို အဝင်အထွက် ပိတ်တာ အခုဆိုရင် လေးရက်မြောက်နေ့ ရှိပြီ။ အိမ်ခြေဆိုရင် ၆၉၄ အိမ်၊ အိမ်ထောင်စုဆိုရင် ၆၄၉၊ လူဦးရေဆိုရင် ၃၆၀၀ ကျော်တယ်။  ရောဂါကာကွယ်ဖို့ ပြင်ဆင်မှုပိုင်း အားနည်းလို့ ထင်တယ်။ ဒီမှာ ခု သားဖွားဆရာမ တစ်ဦး၊ ကျန်းမာရေးကြီးကြပ် အမျိုးသား နှစ်ဦး ရှိတယ်။ ဒီမှာ Mask လည်း မရှိဘူး လက်အိတ်လည်း မရှိတော့ ကျန်းမာရေးဝန်ထမ်းတွေ သွားရင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ သွားရတယ်။ သူတို့ကိုယ်တိုင် ဘာအကာအကွယ်မှ မရှိဘူး။ ကျွန်တော်တို့ကျေးရွာက အစောင့်အရှောက်မဲ့ ကျေးရွာလား၊ တွေးပြီး ငိုမိတယ်”ဟု ရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ကပ်တဲလ်ရွာတွင် အိမ်ခြေ ၆၉၂ အိမ်၊ လူဦးရေ ၃၆၆၀ ရှိကာ ကူးစက်ခံရသူ သွားလာခဲ့သည့် ကလေးမြို့ကိုလည်း ဝင်ထွက်သွားလာခွင့် ကန့်သတ်လိုက်သည်။ ၎င်းနှင့် တွေ့ဆုံခဲ့သူများ၊ မိသားစုဝင်များကိုလည်း နေအိမ်အသီးသီးတွင် ၁၄ ရက် နေထိုင်စောင့်ကြည့်မှု (Home quarantine) ပြုလုပ်လိုက်သည်။

ရွာအုပ်ချုပ်ရေးမှူးက “ဒီလောကမှာ သတ္တဝါနဲ့ လူကို ခွဲခြားရမယ်။ အချိန်မတန်ဘဲ သေရမယ်ဆိုရင် မဖြစ်သင့်ဘူး။ ဂရုစိုက်ပေးဖို့လိုတယ်။ ကလေးကျမှ လှေကားထောင်သလို ဖြစ်နေတယ်။ ဆိုးဆိုးရွားရွား အခု မဖြစ်သေးပေမဲ့ နိုင်ငံတော်ကသာလျှင် မစောင့်ရှောက်ရင် ဘုရားသခင်မှအပ စောင့်ရှောက်မယ့်သူက ဒီလောကမှာ မရှိဘူး”ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် Lockdown ချထားသည့် ကပ်တဲလ်ရွာကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စားသောက်ကုန်များ တီးတိန်မြို့ပေါ်သို့ ရောက်ရှိနေပြီဟု သိရသည်။

ကပ်တဲလ်ကျေးရွာနေ မ Man Sianက “ရွာသူရွာသားတွေလည်း အရမ်း စိုးရိမ်တယ်။ ရွာအုပ်ချုပ်ရေးဖက်ကလည်း အိမ်ပြင်မထွက်ဖို့၊ အိမ်မှာနေဖို့ သတိတွေ ပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနဖက်က လူတွေက တစ်အိမ်တက် တစ်အိမ်ဆင်း ကိုယ်အပူချိန် လာတိုင်းပေးတယ်”ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ မပြတ်လပ်စေရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရကြေညာချက်တွင် ဖော်ပြထားသည်။

မတ်လ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်က "ကျပ်သိန်းတစ်ထောင်ကို စီမံခန့်ခွဲပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်၊အဲဒီ သိန်းတစ်ထောင်ကတော့ ကျန်းမာရေးဆိုင်ရာပစ္စည်းများ ၊စားနပ်ရိက္ခာနဲ့ပတ်သက်လို့ (ကပ်တဲလ်ရွာအတွက်) အဓိကဦးတည်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် "ဟု ပြောသည်။

လက်ရှိ ကပ်တဲလ်ကျေးရွာတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃၆ ဦး၊ အိမ်ခြေ ၁၆ အိမ်ဖြစ်ပြီး ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်း၊ ရဲတပ်ဖွဲ့တို့က အထူး စောင့်ရှောက်ထားကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...