ဝင်းညွန့် — ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး သတင်းအချက်အလက်များ မြန်မြန်ဆန်ဆန် သိရှိရန် အရေးကြီးသောကြောင့် ရခိုင်ပြယ်နယ်နှင့် ချင်းပြည်နယ်ရှိ ၉ မြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးရန် လိုအပ်သည်ဟု ရခိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) က မတ်လ ၂၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
အင်တာနက်ဖြတ်တောက်ခံထားရသော မြို့နယ်များတွင် စစ်ဘေးရှောင် အများစုနေထိုင်နေကြသည်။ အစုအဝေးဖြင့် နေထိုင်နေကြရသော စစ်ဘေးရှောင်စခန်းများတွင် ကူးစက်ခံရပါက ထိန်းမနိုင်သိမ်းမရ အနေအထားဖြစ်သွားပြီး ဒေသတစ်ခုလုံးကို ကပ်ဆိုးကျရောက်သွားနိုင်သည်ဟု AHCT က သတိပေးသည်။
ထို့ကြောင့် ရောဂါအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များကို သိရှိရန်အတွက် အင်တာနက်အမြန်ဆုံးဖွင့်လှစ်ပေးရန် လိုအပ်သည်ဟု AHCT ကဆိုသည်။
“စစ်ဘေးရှောင်စခန်းတွေမှာက ဒီရောဂါနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ကြားဖူးတဲ့အဆင့်ပဲရှိတယ်။ သူတို့အနေနဲ့ ဘာမှန်းတောင်မသိသေးဘူး။ ဒီရောဂါရဲ့သဘာဝ၊ ကူးစက်ပုံကူးစက်နည်းတွေကို သူတို့ဘာမှမသိကြဘူး။ လောလောဆယ်အချိန်ထိ အစိုးရမှာ ဒါနဲ့ပတ်သက်ပြီးတော့ ဘာတွေစဉ်းစားနေလဲ ကျနော်တို့မသိဘူး။ ကျနော်တို့ပြောချင်တာ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးဖြစ်နေကြတာ။ ဒါနဲ့ပတ်သက်ပြီး ဒီလိုအခြေအနေမျိုးမှာ ဘာအကြောင်းပြချက်နဲ့ပတ်သက်ပြီးတော့ အင်တာနက်ကို ပိတ်ထားဖို့မသင့်ဘူး” ဟု AHCT အဖွဲ့ ဝင် ကိုဇော်ဇော်ထွန်းက ပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဦးရဲထွဋ်ကလည်း ဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးမှုများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများအားလုံး သိသင့်သည်ဆိုလျှင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်က အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များကို အင်တာနက်ပြန်ဖွင့်ပေးသင့်ပြီဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။
ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်လိုက်သည်။







