မင်းပြားတိုက်ပွဲကြောင့် ကလေးငယ် တစ်ဦး သေဆုံး၊ (၁၅)ဦး ဒဏ်ရာရ

မင်းပြားတိုက်ပွဲကြောင့် ကလေးငယ် တစ်ဦး သေဆုံး၊ (၁၅)ဦး ဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တိုက်ပွဲကြောင့် ချဲတောင်(ချင်းရွာ)နေ ကလေးငယ် တစ်ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရရှိသွားသည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က DMG သို့ ပြောသည်။

ကမ်းနီကျေးရွာအနီးရှိ အမှတ်(၉) တိုင်း ဗဟိုလေ့ကျင့်ရေးကျောင်း (တန်းမြင့်လေ့ကျင့်ရေးကျောင်း)ကို ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၃ ရက် နံနက် (၆)နာရီခန့်ကစတင် တိုက်ခိုက်ခဲ့သည်။ ထို့နောက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားရာနှင့် တစ်မိုင်ကျော်အကွာ ချဲတောင်(ချင်းရွာ)ကို နေ့လယ် (၂)နာရီခန့်တွင် လက်နက်ကြီးကျည် ကျရောက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

 “တိုက်ပွဲဖြစ်နေတဲ့အချိန်မှာပဲ လက်နက်ကြီးက ရွာထဲကိုတစ်ခါတည်းကျပြီးတော့ ပေါက်ကွဲတာ။ အဲဒီအချိန်မှာ မိသားစုသုံးစုက တိုက်ပွဲဖြစ်လို့ဆိုပြီး အိမ်အောက်မှာ ဝင်ပုန်းနေကြတာ။ လက်နက်ကြီးက သူတို့ပုန်းနေတဲ့နေရာနားမှာ ကျကွဲပြီးတော့ ဒဏ်ရာရသွားကြတာ။ အိမ်သုံးဆောင်ကလည်း အကုန်မီးလောင်ပျက်စီးသွားတယ်” ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

သို့ဖြစ်၍ အရပ်သား၁၆ ဦးဒဏ်ရာရရှိသွားပြီး ၎င်းတို့အနက် အသက်(၁၀)နှစ်အရွယ် မောင်ဘီတင်မှာ မတ် ၂၄ နံနက်ပိုင်းက မင်းပြားဆေးရုံတွင် သေဆုံးသွားသည်။

ဒဏ်ရာရရှိသွားသူများမှာ မခင်ခင်မြင့်(၇ နှစ်)၊ မောင်ဝင်းနိုင်(၁၇နှစ်)၊ မောင်နိုင်ချစ်ဦး(၁၆နှစ်)၊ မောင်မိုးနိုင်(၁၅ နှစ်)၊ မခင်ခင်စိုး(၁၃နှစ်)၊ မောင်သန်းအေး(၁ နှစ်ခွဲ)၊ ဦးခင်မောင်တင်(၃၉နှစ်)၊ ဦးဇနီဦး (၄၂ နှစ်)၊ ဒေါ်မစောလှ(၃၅ နှစ်)၊ ဦးမြနု(၅၃ နှစ်) တို့ဖြစ်သည်။

ထို့ပြင် ဦးအောင်ဘချေ(၅၄ နှစ်)၊ မောင်ကျော်ဝင်း(၁၆ နှစ်)၊ ဦးဇနီအောင်(၄၇ နှစ်)၊ မောင်နေထွန်းလင်း(၁၃ နှစ်)၊ ဦးမောင်ထွေးအောင် (၈၁ နှစ်)တို့လည်း ဒဏ်ရာရရှိသွားသည်။ ၎င်းတို့မှာ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ ယင်းအထဲက ဒဏ်ရာပြင်းထန်သူ ဦးဇနီအောင်နှင့် မောင်နေထွန်းလင်းတို့ကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။

အင်အား ၃၀၀ ခန့် ပါဝင်သည့် AA တပ်ဖွဲ့သည် မင်းပြားမြို့နယ်၊ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နေရာ ၄ နေရာမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ကျောင်းဌာနချုပ်အနေဖြင့် တပ်ပတ်လည်ခံစစ်ဖြင့် စနစ်တကျပစ်ကူ၊ ပစ်အားသုံး တန်ပြန်တိုက်ခိုက်မှုကြောင့် ထိခိုက်/ကျဆုံးများဖြင့် အလောင်း၊ လက်နက်အချို့ကိုပင် မယူနိုင်ဘဲ ၁၁ နာရီအချိန်ခန့်တွင် အဖွဲ့များခွဲ၍ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

မိမိတို့ရည်မှန်းထားသော တိုင်းဗဟို(၉) လေ့ကျင့်ရေးကျောင်းမှ ပစ်မှတ်ကြီးများအား အချိန်တိုတို အတွင်း ထိရောက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခဲ့သည်။ လက်နက်ခဲယမ်းအချို့နှင့် သုံ့ပန်း(၁) ဦးဖမ်းဆီးရမိခဲ့ပြီး တပ်မတော်ဘက်က (၂၀) ဦးခန့် ကျဆုံးသွားသည်ဟု ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်၏ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် တစ်နေ့လုံးနီးပါး ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လက်နက်တိုက်အား မသိမ်းပိုက်နိုင်ခဲ့သော်လည်း စခန်းတစ်ခုလုံး၏ နေရာအများစုအား ခေတ္တယာယီ သိမ်းပိုက်ထားနိုင်ခဲ့သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...