ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ကျန်းမာရေးအနေအထား ပုံမှန်ရှိဟု ဆို

ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ကျန်းမာရေးအနေအထား ပုံမှန်ရှိဟု ဆို

Shing Mang — COVID-19 ရောဂါပိုး တွေ့ရှိသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားမှာ လက်ရှိ ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

ချင်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက “သက်ဆိုင်ရာ တီးတိန်ဆေးရုံအုပ်ကနေတစ်ဆင့် Facebook မှာ Friend လုပ်လိုက်ပါတယ်၊ Video Callနဲ့ ကျွန်တော်တို့ ပြောဖြစ်ပါတယ်။ သူ့အနေနဲ့ ဘယ်လိုနေထိုင်လဲဆိုတော့ ကောင်းပါတယ်တဲ့၊ ဘာလက္ခာဏာတွေ ရှိသေးလဲဆိုတော့ ဖျားတာ နာတာတွေ မရှိဘူး၊ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာ ဘာမှ မရှိပါဘူးလို့ ပြောပါတယ်၊သူ့အနေနဲ့  နေရထိုင်ရလည်း အဆင်ပြေပါတယ်လို့ ပြောပါတယ်"ဟု ဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ က မတ် ၂၄ တွင် ပြုလုပ်သည့် အဆိုပါလူနာနှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ဆိုခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ် အစိုးရ အမိန့်ကြေညာစာတွင်လည်း အဆိုပါလူနာမှာ ကိုယ်ပူခြင်း၊ချောင်းဆိုးခြင်း မရှိဘဲ ပုံမှန်အခြေအနေတွင် ရှိကြောင်း ထုတ်ပြန်ထားသည်။

ဒေါက်တာအောင်ငွေစံက"ပွင့်ပွင့်လင်းလင်းပြောရရင် ပိုးတွေ့တဲ့ လူနာပေါ့။ သို့သော် အပြစ်သား မဟုတ်ဘူး။ လူသားတစ်ဦးပဲ ဖြစ်ပါတယ်။ ဘယ်သူမှ ရောဂါဖြစ်ချင်တဲ့သူ မရှိဘူး၊အကြောင်းအခြေအနေကြောင့် ဖြစ်လာတာပဲ။ ဒီအပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ပြည်သူလူထုပေါ်မှာ မပျံ့နှံအောင်၊ မကူးစက်အောင် ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်သလို သူ့ကိုလည်း လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အတတ်နိုင်ဆုံး ကုသမှု ပေးသလို စိတ်ခွန်အားလည်း ပေးရမှာ ဖြစ်ပါတယ်"ဟု  ဆက်ပြောသည်။

လက်ရှိတွင် လူနာစောင့်အဖြစ် ၎င်း၏ ဆွေမျိုးတစ်ဦးက တာဝန်ယူပြီး ထိတွေ့မှုမရှိဘဲ အကွာအဝေးတစ်ခုမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

COVID -19 ပိုးတွေ့ လူနာသည် အမေရိကန်နိုင်ငံမှ  မတ်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ပြီး ကလေးမြို့ နှစ်ညအိပ်ပြီး Pre Wedding ဓာတ်ပုံ ရိုက်ခဲ့ကြောင်း၊ ထို့နောက် တီးတိန်မြို့ တစ်ညအိပ်ပြီး နောက်တစ်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး အဖျားတက်သောကြောင့် ဆေးခန်းပြရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါလူနာမှာ ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၃ ရက် ည ၁၁ နာရီ ၄၅မိနစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နောက်တစ်ရက် မတ်လ ၁၄ တွင် ကလေးမြို့နှင့် တီးတိန်မြို့အကြား ခရီးသွားလာမှုကို သက်ဆိုင်ရာက ကန့်သတ်ခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...