ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာ

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာ

ခိုင်ရိုးလ — ရက္ခိုင့်တပ်တော်(AA)/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ကြေညာလိုက်သည်။

AA သည် ရခိုင်မြောက်ပိုင်းရှိ ပြည်သူများအားစည်းရုံး၍လည်းကောင်း၊ အကြောက်တရားဖြင့် လွှမ်းမိုး၍လည်းကောင်း၊ ဒေသခံများအား အကာအကွယ်ရယူ၍လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

ထိုလုပ်ရပ်သည် အများပြည်သူ၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်ကိုလည်းကောင်း၊ အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုလည်းကောင်း၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းကိရိယာနှင့် အသုံးအဆောင်များကိုလည်းကောင်း ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေသည်။

ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် AA/ULA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာလိုက်သည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် AA/ULA နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့၊ ယင်းအဖွဲ့နှင့်ဆက်နွှယ်သည့်ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့်လုပ်ရပ်များမှာ နိုင်ငံတော်၏  တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ အနှောင့်အယှက်အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတက AA/ULA နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့များအား မတရားအသင်းအဖြစ် ကြေငြာလိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကြေညာလိုက်ခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “AA ကို ငြိမ်းချမ်းရေးကိုပဲရစေချင်လို့ ငြိမ်းချမ်းရေးကို တောင်းဆိုနေကြတယ်။ အခုတော့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဝေးသွားတယ်လို့ ခံစားရတယ်။ နောက်တစ်ခါ နှစ်ဘက်တိုက်ပွဲကြားမှာ ညှပ်နေတဲ့ ပြည်သူတွေအတွက်လည်း ငြိမ်းချမ်းရေး ဝေးသွားတဲ့အတွက် အထူး စိတ်မကောင်းဖြစ်တယ်။ အခုလို ကြေညာလိုက်တာ နိုင်ငံရေးဘောင် ကျဉ်းသွားပြီး စစ်ဘောင် ကျယ်လာတယ်။ ဒါဟာ ကိုယ်တို့ နိုင်ငံအတွက်လည်းမကောင်း၊ ပြည်နယ်အတွက်လည်း မကောင်းဘူး” ဟု ပြောသည်။

ယခုကဲ့သို့ကြေညာလိုက်ခြင်းမှာ AA ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဖိတ်ခေါ်ရန် အစီအစဉ်မရှိတော့သည့် သဘောသက်ရောက်သွားပြီး ငြိမ်းချမ်းရေးနှင့်ဝေးသွားစေသည်ဟုလည်း ဒေါ်ခင်စောဝေက ပြောသည်။

“ဒီလိုကြေညာလိုက်တဲ့အတွက် ငြိမ်းချမ်းရေးထဲမှာ ဖိတ်ခေါ်မှုမရှိလို့ပဲမြင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေးလုပ်ဖို့မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားတယ်။ အဲဒါက ကောင်းတဲ့လမ်းစဉ်မဟုတ်ဘူး။ ကျမတို့လိုချင်တာက ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုချင်တယ်။ အဲဒါကြောင့် နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာဖို့ အမြဲတမ်းတိုက်တွန်းနေတာ” ဟု ၎င်းကဆိုသည်။

AA ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာလိုက်ခြင်းနှင့်ပတ်သက်ပြီး တပ်မတော်၏သဘောထားကို သိရှိရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲအရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်နေသကဲ့သို့ စစ်ဘေးရှောင်ဦးရေလည်း တစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာနေသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...