အောင်ကောင်းဇော် — ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပမှပြန်လာသူများကို ကိုယ်အပူချိန်တိုင်းတာမှုများ၊ ကျန်းမာရေးစိစစ်မှုများများလုပ်ဆောင်ရန် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ဒေသခံများလိုလားနေကြသည်။
လက်ရှိတွင် သင်္ကြန်ကာလနီးကပ်လာသောကြောင့် မာန်အောင်မှ အခြားဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူ အများစုမှာ နေရပ်သို့ ပြန်လာနေကြပြီး လူထွက်လူဝင်များနေသည့်အတွက် ထိုသို့တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသခံ ဦးမောင်တင်က ဆိုသည်။
“အခုလောလောဆယ်တော့ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်ချက်တွေတော့ ဘာမှမရှိသေးဘူး။ တာဝန်ရှိပုဂ္ဂိုလ်တွေတော့ ဘာမှလုပ်ဆောင်တာမရှိသေးဘူး။ မြို့နယ်အထွေထွေဦးစီးဌာနကတော့ လူစုလူဝေးတွေ မကျင်းပဖို့တော့ မတ်လ ၁၈ရက်နေ့က စာထုတ်ခဲ့တယ်။ စာပဲထုတ်ထားတာပါ။ လုပ်ကိုင်ဆောင်ရွက်မှုတွေ ဘာမှမရှိသေးဘူး။ ရှေ့ဆက်ပြီးဘာလုပ်မလဲတော့မသိ။ ဒီလူစုလူဝေး သို့မဟုတ် ထိုင်းကလာတဲ့လူတွေ တရုတ်ကလာတဲ့လူတွေကို စိစစ်ဆောင်ရွက်တာ လုပ်ပေးရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
မာန်အောင်ဒေသမှ ပြည်သူအများစုမှာ ရန်ကုန်၊ တရုတ်၊ ထိုင်း၊ မလေးရှား စသည့် နေရာများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“အချိန်နှင့်တပြေးညီထိရောက်တဲ့ကုသမူတွေလုပ်ပေးရမယ်။ဒီမာန်အောင်ကျွန်းမှာတော့မတွေ့ရသေးဘူး။တချို့လူတွေဆိုရင်ထိုင်း၊တရုတ်တို့မှာအလုပ်သွားလုပ်ကြတယ်။အခုရောက်နေကြတယ်။တချို့ကျန်းမာရေးနဲ့ ပတ်သက် ပြီးစစ်ဆေးပေးတာတွေ လုပ်ဆောင်တာ မတွေ့ဘူး”ဟု မာန်အောင်လူငယ်ကွန်ယက်၊ ၊ ပြည်သူ့ဆက်ဆံရေးနှင့် လူငယ်ရေးရာ တာဝန်ခံ ကိုဇွဲရန်နိုင်ကပြောသည်။
မာန်အောင်ဒေသတွင် COVID-19 ကာကွယ်ရေး အသိပညာပေးအစီအစဉ်တစ်ခုကို ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့က လုပ်ဆောင်ပေးခဲ့သော်လည်း ဒေသခံအများစုမှာ မသိရှိလိုက်ကြပေ။
COVID-19 ကူးစက်ပြန့်ပွားမှုများကို ကာကွယ်နိုင်ရန်အတွက် ဧပြီလ ၃၀ ရက်နေ့အထိ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးသွားလာမှုများ၊ ခရီးသွားလာမှုများနှင့် မြန်မာနိုင်ငံသို့ ခေတ္တခဏပြန်လာမှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် မလေးနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။







