ဆောင်းဇာခြည် — ကိုရိုနာဗိုင်းရပ်စ် Covid-19 တစ်ကမ္ဘာလုံးအနှံ့ ဖြစ်ပွားနေသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မှန်ကန်တိကျသော သတင်းအချက်အလက် သိရှိနိုင်ရန်နှင့် ဖြန့်ဝေနိုင်ရန် အတွက် အင်တာနက် ဆက်သွယ်ရေး ပိတ်ပင်မှုများကို ချက်ချင်းရုပ်သိမ်းပေးရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး/ Rakhine Ethnic Congress (REC) က မတ်လ ၁၈ ရက်တွင် တောင်းဆို လိုက်သည်။
REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ဘေးရှောင်စခန်းဆိုတာက လူစုလူဝေးနဲ့ နေတာဖြစ်တယ်။ တကယ်ပဲ ကူးစက်လာပြီဆိုရင် စစ်ဘေးရှောင်စခန်းတွေကို အလျင်အမြန် ကူးစက်သွားနိုင်တယ်။ ဒီလို စိုးရိမ်စရာကောင်းတဲ့ ကိစ္စတွေကို စစ်ဘေးရှောင်စခန်းက လူတွေ လွယ်ကူစွာ မသိနိုင်ဘူး။ သိနိုင်ဖို့အတွက် အင်တာနက် ပိတ်ထားလို့ သတင်းတွေကိုလည်း သူတို့ အချိန်မီ မရရှိနိုင်ဘူး။ ဒီအင်တာနက်ကို ဖွင့်လိုက်ခြင်းအားဖြင့် သူတို့ဟာ ဒီသတင်း အချက် အလက်တွေကို ရပြီး သူတို့လည်း ဆင်ခြင်ဖို့၊ ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်း ရသွားမယ်ပေါ့နော်” ဟု နိရဥ္စရာသို့ ပြောသည်။
REC ၏ ထုတ်ပြန်ချက်ထဲတွင် လက်ရှိတွင် Corona virus Covid-19 မှာ ကမ္ဘာနိုင်ငံအသီးသီးကို ခြိမ်းခြောက်နေပြီ ဖြစ်ကြောင်း၊ ယခုလို အခြေအနေမျိုးတွင် မှန်ကန်တိကျသော သတင်း အချက်အလက် ရရှိနိုင်ရန်နှင့် ဖြန့်ဝေနိုင်ရန် ကိစ္စမှာ အသက်တမျှ အရေးကြီး လာနေပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစိုးရအေနဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် ဆက်သွယ်ရေး ပိတ်ပင်မှုများကို ချက်ချင်းရုပ်သိမ်းပေးရန် တောင်းဆိုပါကြောင်း၊ သို့မဟုတ်ပါက ဖြစ်လာသမျှသော အကျိုးဆက်ကို အစိုးရတွင်သာ တာဝန်ရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
“ ယခုလို အချိန်မျိုးမှာ အစိုးရအနေနဲ့ အင်တာနက်ပိတ်ထားတာက မသင့်တော့ဘူး။ ဖြတ်တောက်ထားတဲ့ အင်တာနက်ကို အမြန် ဖွင့်ပေးစေလိုပါတယ်” ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် အချက်အလက်များအား အချိန်နှင့်တပြေးညီ သိဖို့လိုအပ်သည့်အတွက် အင်တာနက် ဖွင့်ပေးရန် လိုအပ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
“ဒါက ကူးစက်မြန်တဲ့ ရောဂါဖြစ်တဲ့အတွက် လူတိုင်းက ဒါနဲ့ပတ်သက်ပြီး ဗဟုသုတ ရှိနေဖို့ လိုအပ်တယ်။ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာကိုလည်း အချိန်နဲ့ တပြေးညီ သိနေဖို့ လိုအပ်တယ်။ ဆိုတော့ အဲဒီလို မသိရဘဲ အခု အင်တာနက်တွေ ပိတ်ထားတဲ့အခါ စစ်ဘေးရှောင် တွေအတွက် အရမ်း စိုးရိမ်မကင်းဖြစ်ရတယ်။ အင်တာနက် ပိတ်ထားတယ်ဆိုတာ ဘယ်သူမှ လက်ခံလို့ရတဲ့ ကိစ္စတစ်ရပ် မဟုတ်ဘူး။ သတင်းအချက်လက်တွေ လွယ်လွယ်ကူကူရဖို့ အင်တာနက် ဖွင့်ပေးဖို့ လိုတယ်” ဟု ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကလည်း “ပြည်သူတွေရဲ့ ဒုက္ခတွေကို၊ ကိုရိုနာ ဗိုင်းရပ်စ်အကြောင်းကို ပြည်သူတွေ သတင်းအချက်လက် မသိရတဲ့ အခြေနေကို ရောက်နေတဲ့ အတွက်ကြောင့်မို့လို ဒီအချိန်မှာ ရခိုင် ပြည်နယ်အစိုးရဟာ ဗဟို အစိုးရနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ အတွက်ကြောင့် သူ့မှာ တင်ပြတောင်းဆိုဖို့ တာဝန် အရှိဆုံး ဖြစ်တယ်။ ဒီလို သတင်း အချက် အလက်၊ အင်တာနက် မရတဲ့ နေရာမှာ တစ်ခုခုသာ ဖြစ်ခဲ့ရင် အစိုးရက တာဝန်ယူရမယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲထိ ရှိနေပြီး အများစုမှာ အင်တာနက် ဖြတ်တောက်ခံထားရသဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကောင်းမွန်စွာ မသိရှိကြဟု ကိုဇော်ဇော်ထွန်းက ပြောကြားသည်။







