ပြည်နယ်အစိုးရ ပိတ်ပိုင်ခွင့်မရှိသည့် တရုတ်နယ်စပ်ဂိတ် ဝင်ထွက် သွားလာမှု ပိုများလာ

ပြည်နယ်အစိုးရ ပိတ်ပိုင်ခွင့်မရှိသည့် တရုတ်နယ်စပ်ဂိတ် ဝင်ထွက် သွားလာမှု ပိုများလာ
ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း
ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များကို Covid-19 ကူးစက်ရောဂါကာကွယ်နိုင်ရေး ပိတ်ရန် ကချင်ဒေသခံများ လိုလားနေသော်လည်း ပြည်ထောင်စုအစိုးရက တိုက်ရိုက် ချုပ်ကိုင်ထားသဖြင့် ပြည်နယ်အစိုးရအနေဖြင့် ပိတ်ပိုင်ခွင့်မရှိကြောင်း ကချင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

“ကျနော်တို့ ဒီ ကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကတော့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် မဟုတ်ဘူး။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ ၁၉၉၇ နှစ် တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့် ဖြစ်တယ်။ သို့သော် ပန်ဝါဂိတ်ကတော့ ပြည်နယ်အစိုးရရဲ့လိုအပ်ချက်အနေနဲ့ ဖွင့်ထားတဲ့ဂိတ် ဖြစ်တယ်။ ဒါပေမယ့် လိုအပ်လာရင်တော့ ပိတ်မှာဖြစ်တယ်” ဟု ကချင်ပြည်နယ် လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်လွှား ကူးစက်ပြန့်နှံ့နေသည့်အတွက် နိုင်ငံအချို့တွင် ဝင်ထွက်ခွင့် ပိတ်ထားသော်လည်း မြန်မာနိုင်ငံတွင်မူ အတည်ပြုလူနာ မတွေ့သေးသဖြင့် ဂိတ်များ ဖွင့်ထားဆဲ ဖြစ်သည်။

“လူဝင်လူထွက်ကတော့ ဒီ ၃လပိုင်းအတွင်းမှာ ပိုများလာတယ်လို့ပြောလို့ရပါတယ်။ ရောဂါစဖြစ်တဲ့ ဇန်နဝါရီလကထက် ဒီမတ်လထဲမှာ လူဝင်လူထွက်ပိုများလာတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်သျှူးငှက်ပျော ထွက်နေတဲ့အချိန်မို့ လူအဝင်အထွက်ရော ကားအဝင်အထွက်ပါ ပိုများလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးနဲ့ပတ်သက်ပြီးတော့ သံသယလူနာတစ်ယောက်သာ ရှိပါသေးတယ်။ သံသယလူနာကလည်း ဆေးစစ်ချက်အရ ရောဂါပိုးမရှိဘူး” ဟု  ပြည်နယ် ဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။

ဇန်နဝါရီလမှ မတ်လထိ ပြုစုထားသောစာရင်းများအရ လွယ်ဂျယ်ဂိတ်တွင် တရုတ်နိုင်ငံသား အဝင် ၃၃၀၀ ၊ အထွက် ၃၃၀၀ ကျော် ၊ မြန်မာနိုင်ငံသားများ အထွက် ၄၆၀၀၀ကျော် ၊ ပြန်လည်ဝင်ရောက်လာသူ ၃၇၀၀၀ကျော် ဖြစ်ပြီး ကံပိုက်တီ နယ်စပ်ဂိတ် တရုတ်နိုင်ငံခြားသား ဝင်ရောက်လာသူ ၁၇၀၀၀ကျော် ပြန်လည်ထွက်ခွာသူဦးရေ ၁၇၀၀၀ကျော်၊ မြန်မာနိုင်ငံသား ထွက်ခွာသူ ဦးရေ ၇၀၀၀ ၊ ပြန်လည်ဝင်ရောက်လာသူများမှာ ၁၀၀၀၀ ကျော်၊ ပန်ဝါနယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံသား အဝင် ၈၀၀၀ကျော်၊ အထွက် ၈၀၀၀ ကျော်၊ မြန်မာနိုင်ငံသားများ အထွက် ၂၀၀၀ အဝင် ၂၀၀၀ခန့်ရှိကြောင်း လဝက စာရင်းများအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ကချင်ပြည်နယ်အစိုးရ ယခုနှစ် သင်္ကြန်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ ထို့အပြင် ရုပ်ရှင်ရုံများ၊ ဘာသာရေးပွဲတော်များ၊ အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများကို မေလအထိ ရက်ရွှေ့ထားကြောင်း သဘောထားထုတ်ပြန်ချက်များကို တွေ့ရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော Covid-19 ခေါ် ကူးစက်ရောဂါသည် လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူဦးရေ ၂ သိန်းကျော်ကို ကူးစက်စေကာ လူဦးရေ ၈၀၀၀ ကျော် သေဆုံးခဲ့ပြီဟု သိရသည်။

May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...