ရသေ့တောင် စစ်ဘေးရှောင်စခန်းများ ထင်း လိုအပ်နေ

ရသေ့တောင် စစ်ဘေးရှောင်စခန်းများ ထင်း လိုအပ်နေ

ခိုင်ရိုးလ — ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများအပြင် ချက်ပြုတ်စားသောက်ရန်အတွက် ထင်းလိုအပ်ချက်များ ရှိနေကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

စစ်ဘေးရှောင်များမှာ မိမိတို့ဝတ်ဆင်ထားသည့် အဝတ်အစားမှလွဲ၍ တခြားပစ္စည်းများကို ယူဆောင်ခဲ့ခြင်း မပြုနိုင်ဘဲ ထွက်ပြေးလာခြင်းဖြစ်သည်။ လက်ရှိတွင် ထင်းဝယ်ရန် ငွေကြေးမတတ်နိုင်ကြသည့်အတွက် စခန်းအနီးရှိ ဓနိတောထဲမှ ဓနိလက်များကို ထင်းအဖြစ် အသုံးပြုနေရကြောင်း ညောင်ပင်လှကျေးရွာမှ ရသေ့တောင်မြို့သို့ စစ်ဘေးရှောင်လာသူ ဒေါ်သန်းယုက ဆိုသည်။

“ထင်းလိုအပ်ချက်တွေ အများကြီးရှိနေတယ်။ ထင်းသွားခုတ်လို့လည်း မရဘူး။ ဝယ်ယူသုံးစွဲဖို့လည်း ပိုက်ဆံမရှိဘူး။ ဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ပဲ စခန်းအဝေး တောတန်းဆီက သွားခုတ်တယ်။ နည်းနည်း ရတာလေးနဲ့ပဲ ချက်ပြုတ်စားသောက်နေရတယ်”ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ထင်းခုတ်ရန်အတွက် တောတောင်များသို့ သွားရောက်လိုကြသော်လည်း မိုင်းအန္တရာယ် စိုးရိမ်ရသည့်အတွက် မသွားရဲကြကြောင်း မညှင်းတောင်ကျေးရွာမှ စစ်ဘေးရှောင်လာသူ ဒေါ်မယောင်းချေက ဆိုသည်။

ရသေ့တောင်မြို့ပေါ်မှ စစ်ဘေးရှောင်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကူညီမှုများရှိသော်လည်း ထင်းကူညီရန် ငွေကြေးမတတ်နိုင်သဖြင့် အခက်ခဲများရှိနေကြောင်း မြို့ပေါ် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ကိုဘက္ကာက ပြောသည်။

“ကျွန်တော်တို့ကတော့ စစ်ဘေးရှောင်တွေကို တတ်နိုင်သမျှကူညီပေးနေပေမယ့် မလုံလောက်ကြဘူး။ အဲဒီအထဲက ချက်စရာထင်းမရှိကြဘူး။ ထင်းမရှိတဲ့အတွက် သူတို့ဟာ ဒီစစ်ရှောင်စခန်းရဲ့အနောက်မှာ ဓနိတောတွေရှိတယ်။ အဲဒီကနေ ဓနိရိုးတွေကို ရေစိုစိုနဲ့မီးမွှေးလို့ ချက်စားနေကြရတယ်”ဟု ၎င်းကဆိုသည်။

ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီ၊ ကိန်းသာ ဓမ္မရိပ်သာ၊ပုပ္ပါရုံကျောင်း၊ ဓညဝတီကျောင်းနှင့် ဓမ္မာရုံ ဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင် ထင်းလိုအပ်ချက်များ ရှိနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်း ကျော်အထိရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...