ဖမ်းဆီးခံရသည်ဆိုသည့် ကျောက်တော်ဒေသခံ(၁၀)ဦးခန့်အတွက် မိသားစုစိုးရိမ်

ဖမ်းဆီးခံရသည်ဆိုသည့် ကျောက်တော်ဒေသခံ(၁၀)ဦးခန့်အတွက် မိသားစုစိုးရိမ်

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာထဲသို့ တပ်မတော်ကဝင်ရောက်ပြီး ဒေသခံ (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု ဒေသခံများထံက သိရသည်။

မတ်လ(၁၆)ရက် ညနေ (၆) နာရီခန့်က ဒေသခံ(၅၀)ဦးခန့်ကို တပ်မတော်က ၎င်းတို့တပ်စွဲသည့် တောင်ကုန်းနေရာသို့ ခေါ်ယူသွားပြီး နာရီဝက်ခန့်အကြာတွင် ရွာသား(၄၀)ဦးခန့်ကို လွှတ်ပေးလိုက်သည်။ သို့သော် (၁၀)ဦးကို ဆက်လက်ဖမ်းဆီးထားပြီး မိသားစုဝင်များနှင့် လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ဒေါ်အေးရီက ပြောသည်။

“ကျမသားက အသက်၁၅နှစ်၊ ၁၆နှစ်တောင် မပြည့်သေးဘူး။ ကျောင်းတက်နေတာပါ။ ကျမသားက ထမင်းစားနေတာပါ။ အိမ်မှာထမင်းစားနေတဲ့နေရာက ဖမ်းသွားတယ်။ ကျမသားကို ပြန်လွှတ်ပေးစေချင်တယ်။ ပြန်လွှတ်မပေးမှာကိုလည်း စိတ်ပူနေတယ်။ ဘယ်လိုများ နှိပ်စက်နေမလဲဆိုပြီးတော့ စိုးရိမ်နေပါတယ်။ သူများကျတော့ လွတ်လာပြီး ကျမသားက အခုထိ မလွတ်သေးဘူး”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများမှာ ဦးအောင်ညွှန့်(၆၅နှစ်)၊ ဦးထွန်းဝင်းမောင် (၄၆ နှစ်)၊ ဦးယဉ်မောင်(၄၀နှစ် )၊ ဦးသန်းမောင်ထွန်း(၄၀နှစ် )၊ ဦးမောင်ဝင်းကြီး(၃၈ နှစ် )၊ ဦးမောင်ဝင်းချေ(၃၇နှစ် )၊ ဦးမောင်ကြည်လင်း(၄၀နှစ် )၊ ဦး မောင်ဝင်းပိန်(၅၀နှစ် )နှင့် မောင်ထွန်းထွန်းဝေ(၁၅ နှစ်)အပါအဝင် ၁၀ ဦးခန့်ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

“ဖမ်းထားတဲ့ (၁၀) ကျော်ကို ဥပဒေနဲ့ အညီဆောင်ရွက်ပေးဖို့ စာရွက်စာတမ်းတွေ လုပ်နေပါတယ်။ ပြီးရင် သက်ဆိုင်ရာဌာနတွေကို တင်ပြသွားဖို့ရှိပါတယ်။ အခုကိစ္စမှာ မိသားစုဝင်တွေလည်း အလွန်စိုးရိမ်နေကြမှာပါ” ဟုကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

၎င်းတို့ကို ဖမ်းဆီးထားသည်ဟု စွပ်စွဲချက်နှင့်ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန်အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

တင်းမကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လွန်ခဲ့သော ရက်ပိုင်းက တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...