ရခိုင်မြောက်ပိုင်းဒေသကို လေယာဉ်မပျံသန်းရေးဇုန်အဖြစ် ကြေငြာပေးရန် ကုလသမဂ္ဂကိုတောင်းဆို

ရခိုင်မြောက်ပိုင်းဒေသကို လေယာဉ်မပျံသန်းရေးဇုန်အဖြစ် ကြေငြာပေးရန် ကုလသမဂ္ဂကိုတောင်းဆို

နေရောင်မင်း(စစ်တွေ) — တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းဒေသကို စစ်ဘက်ဆိုင်ရာလေယာဉ်များ၊ ရဟတ်ယာဉ်များ မပျံသန်းရေးဇုန်အဖြစ် သတ်မှတ်ကြေငြာပေးရန် ကမ္ဘာ့ကုလ သမဂ္ဂကို အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်း(AAC)က မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

တပ်မတော်အနေဖြင့် ရခိုင်အရပ်သားမြို့ရွာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မပြုလုပ်နိုင်ရေးအတွက် တောင်းဆိုရခြင်းဖြစ်ပြီး ယင်းသို့တောင်းဆိုလိုက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ကုလမသဂ္ဂအပါအဝင် အမေရိကန်၊ ဥရောပနိုင်ငံတကာများက အာရုံစိုက်လာမည်ဖြစ်သည်ဟု AAC ဒု-ဥက္ကဌ ဦးသိန်းထွန်းဇံက DMG သို့ပြောသည်။

“ဒါက ထုတ်ပြန်ချက်ထုတ်ပြီး အစပျိုးတာ။ နောက်ပြီးတော့ အမေရိကန်လွှတ်တော်၊ ကုလသမဂ္ဂ အားလုံးကို စာတမ်းပို့သွားမယ်။ ကျနော်တို့အဖွဲ့က ကိုယ်စားလှယ်သွားပြီးတော့ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့အတွက် လုပ်ဖို့ရှိတယ်။ ကျနော်တို့ ရှေ့တစ်ပတ်ထဲမှာ (စာတမ်း) ပို့ဖြစ်မယ်ထင်ပါတယ်”ဟု ၎င်းကဆိုသည်။

မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာနှင့် ဝက်မကျ၊ ပြိုင်တင် ကျေးရွာများကို တပ်မတော်က လေကြောင်းဖြင့် တိုက်ခိုက်သဖြင့် အရပ်သား (၂၁)ဦး သေဆုံးကာ (၂၇)ဦး ဒဏ်ရာရရှိသွားပြီး လူနေအိမ်များ မီးလောင်ပျက်စီးသွားသည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများအား စစ်ဆေးအရေးယူပြီး သေဆုံးသူ များ ၊ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် တာဝန်ယူလျှော်ကြေးပေးရန်၊ထိခိုက် နစ်နာသူမိသားစုများအား တရားဝင်တောင်းပန်ရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုကို ရန်သူ့သတင်းမရဘဲ တိုက်ခိုက်စရာအကြောင်းမရှိကြောင်း၊ ရန်သူက ပစ်ခတ်လာပြီဆိုလျှင် သူတို့ပစ်ခတ်သည့်နေရာများကို မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေနှင့် ပြန် လည်ပစ်ခတ်ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက VOA သတင်း ဌာနသို့ မတ်လ ၁၆ ရက်နေ့တွင် ပြောကြားထားသည်ကိုတွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်ပိတ်ပင်ထားမှုကို ခြွင်းချက်မရှိ ရပ်တန့်ရန်၊ စစ်ဘေးရှောင်စခန်းများသို့ အကူအညီပေးရန် သွားရောက်သည့် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများကို အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာခွင့်ပြုရန်နှင့် စစ်ဘေးရှောင်များကို လူသားချင်းစာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများပြုလုပ် ရန်လည်း AAC က တောင်းဆိုထားသည်။

<><><>

အောက်တိုဘာလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်တွင်ပစ်ခတ်ခံရသည့် တပ်မတော်ရဟတ်ယာဉ် တစ်စီးကို တွေ့ရစဉ်။ ( ဓာတ်ပုံ - တပ်မတော်)

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...