ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ရွှေရတု စာ/ယဉ် မွမ်းမံသင်တန်း ရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ရွှေရတု စာ/ယဉ် မွမ်းမံသင်တန်း ရပ်ဆိုင်း

စောရှား  - ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းက အကြိမ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ် ကရင်စာပေနှင့် ယဉ်ကျေးမှုမွမ်းမံသင်တန်းကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရန် အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သင်တန်းကို ဖွင့်လှစ်ရန် ဖားအံမြို့ ကရင်ကျောင်းသားများရိပ်သာ(KSC) တွင်  မတ် ၂၄ မှ ဧပြီ ၁၀ ရက်ထိ  ကနဦးက စီစဉ်ထားခဲ့သည်။ သို့သော်လည်း သင်တန်းကျင်းပရေးကော်မတီဝင်များ မတ် ၁၄ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ယင်းသို့ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အသင်း ဥက္ကဋ္ဌ စောအေးမြက “နဂိုကတည်းက ဖွင့်ဖို့ အကုန်လုံး စီစဉ်ထားပြီးသား။ သို့သော် လူစုလူဝေးနဲ့ ပြုလုပ်တာတွေ ရှောင်ကြဖို့ နိုင်ငံတော်က အမိန့်ထုတ်ထားလိုက်ပြီ။ နာယကဆရာတော် တောင်ကလေးဘုန်းကြီးကလည်း ရပ်ဆိုင်းစေချင်တယ်လို့ အကြံပေးတဲ့အပေါ် ငါတို့လည်း ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ သင်တန်း မပြုလုပ်တော့ဖို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်” ဟု မတ် ၁၄ တွင် ပြောသည်။

ထိုသို့ ယာယီရပ်ဆိုင်းသော်လည်း ရပ်ရွာအဆင့်၊ ကျေးရွာအဆင့် နွေရာသီ ကရင်စာပေနှင့် ယဉ်ကျေးမှု သင်တန်းများကိုမူ အခက်အခဲ တစ်စုံတစ်ရာ မရှိပါက မိမိတို့၏ အစီအစဉ်ဖြင့် ဆက်လက်ဖွင့်လှစ်သွားရန် ပြည်နယ် ကရင် စာ/ယဉ် အသင်းက နိူးဆော်ထားသည်။

စာပေနှင့် ယဉ်ကျေးမှု သင်တန်း၊ ဆရာဖြစ် မွမ်းမံသင်တန်းများကို နှစ်စဉ် နွေရာသီတွင် ပြည်နယ် ကရင် စာ/ယဉ် အသင်း ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာအသီးသီးတွင် ပြုလုပ်ပြီးနောက် သင်တန်းဆင်းပွဲကို စုပေါင်းကျင်းပလေ့ ရှိသည်။

ယခုနှစ်အတွက် စုပေါင်းသင်တန်းဆင်းပွဲကို မေလ ဒုတိယအပတ်တွင် ဖားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားရန် ကနဦး စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင် အလားတူ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

သင်တန်းများကို ၄၉ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သမိုင်းတလျှောက်တွင် နိုင်ငံရေးအခြေအနေအရ သင်တန်း မကျင်းပဖြစ်သည့် နှစ်များ ရှိခဲ့ဖူးသည်။ သို့သော် ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင်မူ သင်တန်းကို နှစ်စဉ် ပြုလုပ်နိုင်ခဲ့သည်ဟု အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မတ်လ ၁၁ ရက်တွင် ကြေညာအပြီး အစိုးရက လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ၂၀၂၀ ပြည့်နှစ် မတ် ၁၃ မှ ဧပြီ ၃၀ ရက်အထိ မပြုလုပ်ကြရန် ပန်ကြားချက်တစ်စောင် ထုတ်ပြန်ထားသည်။

Most read this week

June 15, 2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင်...
June 13, 2026
မောင်ကျော်စွာ — (အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး...
Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...