မြို့ကျောင်းအပ်မည့်ကျောင်းသားများ မြို့ပေါ်ပြောင်းနေရန် လောင်းလုံးလက်နက်ကိုင်အဖွဲ့ ထုတ်ပြန်ချက် လူထုဝေဖန်မှုများပြား

မြို့ကျောင်းအပ်မည့်ကျောင်းသားများ မြို့ပေါ်ပြောင်းနေရန် လောင်းလုံးလက်နက်ကိုင်အဖွဲ့ ထုတ်ပြန်ချက် လူထုဝေဖန်မှုများပြား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မြို့ပေါ်စာသင်ကျောင်းအပ်နှံထားသည့် ကျောင်းသားနှင့်မိဘများ လုံခြုံရေးအရ မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြရန် လောင်းလုံးဒေသလက်နက်ကိုင်နှင့် ပညာရေးအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ထားသည့်အပေါ် လူမှုကွန်ရက်မီဒီယာတွင် လူထုဝေဖန်မှု များပြားနေသည်။

ကျောင်းအကြိုအပို့ယာဥ်များကို အကာအကွယ်ယူ သွားလာနေသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြင်းကြောင့် မြို့ပေါ်ကျောင်းအပ်ထားသည့် ကျောင်းသား၊မိဘများ မြို့ပေါ်လိုက်ပါပြောင်းရွှေ့နေကြရန် လောင်းလုံး ပကဖ၊ ပအဖ၊ ပလဖ ပါဝင်သော လက်နက်ကိုင်အဖွဲ့နှင့် လောင်းလုံးပညာရေး(ဘုတ်အဖွဲ့)တို့က ဇွန်လ(၆)ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်သည် ပညာရေးနှင့်လွတ်လပ်စွာ ပညာသင်ယူပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးကို ကန့်သတ်ရာရောက်သလို ရပ်ရွာနေလူထုအနေဖြင့် မူလအိုးအိမ်၊ လုပ်ငန်းခွင်ကိုစွန့်ခွာပြီး မြို့ပေါ်လိုက်ပါပြောင်းရွှေ့နေရန် မလွယ်ကူကြောင်း လူထုကဝေဖန်ပြောဆိုသည်။

“တိုက်ပွဲက နေ့တိုင်းကြီးဖြစ်နေတာမဟုတ်ဘူး။ ဖြစ်ရင်လည်း ဘယ်သူမှကျောင်းသွားတက်မှာမဟုတ်ဘူး။ အခုက မြို့ပေါ်ကျောင်းတက်တဲ့ကျောင်းသားတွေ မြို့မှာပဲနေဆိုပြီး ကန့်သတ်လိုက်တာ။ ကျနော်တို့ဆီမှာက အာဏာသိမ်းကာလတွေမှာ လုံးဝကျောင်းမနေရသေးတဲ့ကလေးတွေရှိတယ်။ အဲဒီထဲမှာ CDM ဆရာ ဆရာမတွေရဲ့သားသမီးတွေလည်းပါတာပဲ။ ကျနော်တို့ကတော့ ဒါကအခွင့်အရေးချိုးဖောက်တယ်လို့ပဲ မြင်တယ်” ဟု လောင်းလုံးတွင် ပညာရေး တက်ကြွလှုပ်ရှားနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လောင်းလုံးလက်နက်ကိုင်အဖွဲ့များကမူ ၎င်းတို့အနေဖြင့် လွတ်လပ်စွာပညာသင်ယူခွင့်ကို တားမြစ်ခြင်းမဟုတ်ဘဲ နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း ကျောင်းသူကျောင်းသားများ၏လုံခြုံရေးအပေါ် ထိခိုက်မည့်အရေး စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နယ်မြေအတွင်းစစ်ရေးတင်းမာရာတွင် စစ်အုပ်စုက ဒေသခံများကို လူသားဒိုင်းသဖွယ်အသုံးချနေခြင်းရှိသည်ဟုလည်း လက်နက်ကိုင်အဖွဲ့များက ဆိုသည်။

ထားဝယ်ခရိုင် အမှတ်(၈၀၀၃)တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက “ဘယ်ကျောင်းပဲဖြစ်ဖြစ် ကျောင်းသားတွေကို တားဆီးပိတ်ပင်လိုတဲ့စိတ်လုံးဝမရှိပါဘူး။ ကျောင်းသားတွေဘေးရန်ကင်းဖို့အတွက်ပါပဲ။ စစ်အုပ်စုက လူသားဒိုင်းလုပ်နေတာကို သတိပေးတာဖြစ်တယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ဝေဖန်သူတွေအနေနဲ့ နှစ်ဦးနှစ်ဖက် ညီညီညွတ်ညွတ် စဥ်းစားဆုံးဖြတ်ကြဖို့ ပြောလိုပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

လတ်တလောတွင်လည်း လောင်းလုံးမြို့နယ်အောက်ဘက်ကျေးရွာများသို့ စစ်အုပ်စုစစ်ကြောင်းထိုးနေပြီး ဒေသခံများကို လူသားဒိုင်းလုပ်ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးလိုက်သည့်ဖြစ်စဥ် ဖြစ်ပွားလျက်ရှိသလို ယခင်ကလည်း အလားတူရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေသည့် (ထားဝယ်ခရိုင်)ဒီမိုကရေစီအရေးသပိတ်လှုပ်ရှားမှုကော်မတီ-DDMSC ကလည်း ဒီမိုကရေစီပညာရေး၏အခြေခံသဘောတရားအရ ကျောင်းသူကျောင်းသားတိုင်း ပညာရေးလမ်းကြောင်းကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိရမည်ဖြစ်ကြောင်း ဇွန်လ(၆)ရက်နေ့က သဘောထားတုံ့ပြန်ချက် ထုတ်ခဲ့သည်။

ပညာရေးဆိုင်ရာအခွင့်အရေးများအပေါ် ထိပါးနှောင့်ယှက်လာသော စစ်အုပ်စုအပါအဝင် မည်သည့်တော်လှန်ရေးတပ်ဖွဲ့မဆို ပြင်းပြင်းထန်ထန်ကန့်ကွက်သည်ဟု DDMSC က ရှုတ်ချပြောဆိုသည်။

လောင်းလုံးမြို့နယ်တွင် စစ်အစိုးရလက်အောက်ရှိ အခြေခံပညာကျောင်းများသာမက အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ကျောင်းများလည်းရှိနေသည်။ ထို့အတူ ကိုယ်ပိုင်အားဖြင့်ဖွင့်လှစ်ပညာသင်ကြားနေသော ရပ်ရွာလူထုအခြေပြုကျောင်းများလည်းရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

June 8, 2026
ကော်သူးလေဒေသအတွင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အွန်လိုင်းငွေလိမ်လည်မှုကိစ္စရပ်များနှင့်...
June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...