လောင်းလုံးအောက်ဘက်ရွာအချို့ စစ်အုပ်စုအထိုင်ချထား၍ နေရပ်မပြန်နိုင်

လောင်းလုံးအောက်ဘက်ရွာအချို့ စစ်အုပ်စုအထိုင်ချထား၍ နေရပ်မပြန်နိုင်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ကတည်းက စစ်အုပ်စု‌စစ်ကြောင်းထိုးပြီး ရွာအတွင်း တပ်စွဲအထိုင်ချထားသောကြောင့် ဒေသခံများနေရပ်မပြန်နိုင်ကြကြောင်း သိရသည်။

စစ်ပြဲကျေးရွာမှအစပြုပြီး လောင်းလုံးအောက်ဘက်ကျေးရွာများသို့ မေလ(၂၂)ရက်ကတည်းက စစ်ကြောင်းထိုးခဲ့သောစစ်အုပ်စုသည် လက်ရှိအချိန်ထိ စစ်ပြဲနှင့်ညင်းမော်ရွာတွင် တပ်အထိုင်ချနေခြင်းကြောင့် ရွာခံများနေအိမ်မပြန်ရဲကြခြင်းဖြစ်‌သည်ဟု တော်လှန်ရေးတပ်ဖွဲ့အပါအဝင် ဒေသခံများကပြောသည်။

“အဲဒီအဖွဲ့ကကြားထဲမှာ မြို့ပေါ်ပြန်တက်လိုက်သေးတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်မှာပြန်ဆင်းလာပြီး ညင်းမော်နဲ့စစ်ပြဲမှာ ယာယီတပ်စွဲထားပြီး သွားလာနေတာ။ မြို့နဲ့အဲဒီရွာတွေက သိပ်မဝေးဘူးလေ။ အဲဒါကြောင့် သူတို့ကြိုက်သလိုသွားနေတာ။ ဒေသခံတွေကတော့ စစ်ရှောင်နေရတုန်းပဲ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

၎င်းစစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနှင့်သွားရောက်ပစ်ခတ်ခြင်း ရှိသည်ဟု ဆိုသည်။ စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးများဖြင့် လောင်းလုံးအောက်ဘက်သို့ ပစ်ခတ်မှုရှိပြီး လတ်တလော တပ်စွဲထားသည့် စစ်ပြဲရွာမှနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လပထမအပတ်တွင် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိမီးရှို့ခြင်း‌ကြောင့် စစ်ပြဲရွာမှ နေအိမ်( ၈)လုံး မီးလောင်ပျက်စီးခဲ့သလို ညင်းမော်ရွာတွင်လည်း ပစ္စည်းခိုးယူခံရ၊ လူသားဒိုင်းလုပ်ဖမ်းဆီးခံရခြင်းတို့ ရှိခဲ့သည်ဟု လောင်းလုံးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းဒေသခံက “စစ်ပြဲမှာမီးရှို့ပြီး ညင်းမော်ဝင်သွားတယ်။ အိမ်ပိုင်ရှင်တွေကပြေးနေတော့ ထိခိုက်တာမရှိဘူး။ ညင်းမော်မှာလည်း ဆိုင်‌ကပစ္စည်းတွေဘာတွေယူကြတယ်။ ရွာတွေကိုဝင်လာရင် တွေ့တဲ့သူဖမ်းတာပဲ လူသားဒိုင်းပုံစံမျိုးပေါ့။ သူတို့ကအဲ့လိုပဲ ဖမ်းပြီးပြန်လွှတ်တာလည်းရှိတယ် မလွှတ်တာလည်းရှိတယ်။ အခုတစ်ခေါက်ကတော့ အကုန်လွတ်ပြီး” ဟု ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် မေလ(၂၃)ရက်နေ့ကလည်း အဆိုပါစစ်အုပ်စုစစ်ကြောင်းမှာ ဂေါ့အင်းကျေးရွာရှိ ဒေသခံနေအိမ်များအတွင်း လိုက်လံတပ်စွဲနေ၍ တော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့သေးကြောင်း လောင်းလုံး ပကဖက ထုတ်ပြန်ထားသည်။

ဒေသခံနေထိုင်သည့်ကျေးရွာများသို့ စစ်အုပ်စု စစ်‌ကြောင်းလှည့်လည်စဥ် စစ်‌ဘေးရှောင်ရခြင်းနှင့် နေအိမ်မီးရှို့ခံရသည့်ဖြစ်စဥ်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း အများအပြားဖြစ်ပွားခဲ့ကြောင်းလည်း ဒေသအခြေစိုက် လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်‌ပြောဆိုခြင်းရှိသည်။

Photo: Social Media 

July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...