ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင် ယမ်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် မိသားစုဝင်များကို တောင်းပန်ကာ ကျပ်သိန်း ၁၀၀ စီ ကူညီထောက်ပံ့ငွေပေးအပ်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA )က ဇွန် - ၈ ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယမ်းမတော်တဆ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ထိခိုက်နစ်နာခဲ့ရသည့် မိသားစုများအပေါ် တောင်းပန်ကာ ကျန်ရစ်သူမိသားစုများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“TNLA ရဲ့ ရန်ပုံငွေ သက်သပ်ပါ” ဟု TNLA နှင့် နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် ကွယ်လွန်သူများကို ရည်စူး၍ ရက်လည်ဆွမ်းသွပ် တရားနာအလှူတော်ကို ဇွန်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂)ဗိုလ်ချုပ် တားခူလန်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျန်ရစ်မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း လိုအပ်သည့် ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြားလိုအပ်သည့် အကူအညီများကို PSLF/TNLA မှ ဆက်လက်ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ဆိုသည်။
ကောင်းတပ်ရပ်ကွက်(ကောင်းတပ်ရွာ) ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသည့် ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးကော်မတီအနေဖြင့် ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူများ၏ မေတ္တာ၊ စေတနာဖြင့် ပါဝင်လှူဒါန်းထားသည့် အလှူငွေများကို လက်ခံရရှိထားပြီး လက်ရှိအချိန်ထိ တရုတ်ယွမ်ငွေ (၂၀၆,၄၃၅) ယွမ်နှင့် မြန်မာကျပ်ငွေ သိန်းကိုးထောင်ကျော် (၉၀၀,၄၁၈,၃၅၀ ကျပ်) ကော်မတီမှ လက်ခံရရှိထားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
“အိမ်နေရာတွေကို ရှင်းလင်းနေတုန်းပဲ။ အခုထက်ထိလည်း အလှူငွေတွေ လက်ခံနေတယ်” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ အလှူငွေများကို ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ သီးသန့်ထိန်းသိမ်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် စနစ်တကျ စီမံခန့်ခွဲအသုံးပြုသွားမည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မတော်တဆမှုကြောင့် ကောင်းတပ်ကျေးရွာရှိ ပြည်သူ ၅၅ ဦး သေဆုံးပြီး ၇၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းပြည်ကောင်စီ (TLC) က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကောင်းတပ်ရွာ ယမ်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် မိသားစုဝင်များကို TNLA က ကျပ်သိန်း ၁၀၀ စီ ကူညီထောက်ပံ့ငွေပေးအပ်စဉ်။ (PSLF/TNLA)







