လေးကေကော်နှင့် လယ့်ခေါ်ဒေသမှ စစ်ရှောင်ကလေးများ ကျောင်းသုံးပစ္စည်း လိုအပ်

လေးကေကော်နှင့် လယ့်ခေါ်ဒေသမှ စစ်ရှောင်ကလေးများ ကျောင်းသုံးပစ္စည်း လိုအပ်
Photo: KIC
Photo: KIC

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့် လေးကေကော်နှင့် လယ့်ခေါ် စစ်ဘေးရှောင်စခန်းများမှ ကလေးငယ် ၁၀၀ ကျော်မှာ ယခုနှစ် ကျောင်း ဖွင့်ရာသီတွင် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံကျောင်းသုံးပစ္စည်းများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လေးကေကော်စစ်ရှောင်စခန်းတွင် ကျောင်းနေ အရွယ် ကလေးငယ် ၃၀ ကျော်ရှိနေပြီး ၎င်းတို့ ကျောင်းတက်နိုင်ရေးအတွက် လွယ်အိတ်၊ ခဲတံ၊ ဘောပင် အစရှိသည့် ကျောင်းသုံးပစ္စည်းများအပြင် လက်ရှိ မိုးရာသီကာလဖြစ်သည့်အတွက် ထီးနှင့် ဦးထုပ်များလည်း အရေးပေါ်အကူအညီ လိုအပ်နေကြောင်း လေးကေကော်လူငယ်ကွန်ရက်ထံမှ သိရသည်။

အလားတူ သောင်ရင်းမြစ်ဘေးရှိ စစ်ရှောင်ဦးရေ ၃၀၀ ကျော် ခိုလှုံနေထိုင်သည့် လယ့်ခေါ်စခန်းတွင်လည်း ပညာသင်ကြားနေသည့် စစ်ရှောင်ကလေးငယ် ၇၀ ကျော်မှာ ဖတ်စာအုပ်နှင့် စာရေးကိရိယာများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

"ထိုင်းဘက်ခြမ်းမှာ ကျောင်းတွေရှိပေမဲ့ အဝေးကြီးထိ ကျောင်းတက်ဖို့ မပို့နိုင်တဲ့ မိဘတွေရှိတယ်။ အဲဒီလို မိသားစုတွေမှာ ကလေးတွေပဲ နစ်နာမလားဆိုပြီး စိုးရိမ်ရတယ်။ ဒါကြောင့် ရွာကျောင်းမှာပဲ အဆင်ပြေအောင် ထားရတယ်။ ကျောင်းစာအုပ်တွေ၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံတွေ လိုနေတယ်" ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် လယ့်ခေါ်စစ်ရှောင်စခန်းမှ ကလေးငယ်များ တက်‌ရောက်နေသည့် ရွာကျောင်း၌ စာသင်ပေးနေသည့် ဆရာမ ၇ ဦးခန့်ရှိပြီး သတ္တမတန်း (၇ တန်း) အထိ အတန်းများ ဖွင့်လှစ် သင်ကြားပေးနေသော်လည်း ကလေးငယ်များအတွက် ကျောင်းသုံးစာအုပ်နှင့် ကိရိယာများ လုံလောက်မှု မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် စစ်ရှောင်ကလေးငယ်များ၏ ပညာရေးအနာဂတ် မဆုံးရှုံးစေရန်အတွက် တတ်နိုင်သည့် ပမာဏဖြင့်ဖြစ်စေ၊ ကျောင်းသုံးပစ္စည်း အကူအညီဖြင့်ဖြစ်စေ ဝိုင်းဝန်းလက်တွဲ ကူညီပေးကြပါရန် စစ်ရှောင်အရေး ကူညီပေးနေသည့် လေးကေကော်လူငယ်ကွန်ရက်က နှိုးဆော်ထားသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ကလေးငယ်များမှာ ပညာ သင်ကြားခွင့် ရရှိရန် ခက်ခဲနေသည့်အပြင် လက်ရှိတွင် မိုးရာသီကာလဖြစ်၍ ကျန်းမာရေး စောင့် ရှောက်မှုနှင့် စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

မြဝတီတောင်ပိုင်း တိုက်ပွဲကြောင့် ဝေါလေအပါအဝင် ထိုင်း-ကရင်နယ်စပ်ဒေသအတွင်း လတ်တလော စစ်ဘေးရှောင်နေရသူ စုစုပေါင်း ၇,၀၀၀ ဝန်းကျင်ရှိသည်ဟု စစ်ရှောင်အရေးကူညီသူများ ပြုစုထားသည့် စာရင်းအရ သိရသည်။

June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊...
June 10, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့က လက်နက်ကိုင်ဆောင်ကာ ဘတ်ငွေ(၆၅)...