မင်းတပ်၊ ကန်ပက်လက် စစ်မြေပြင်က စစ်တပ်ထိုးစစ်လန်ကျအောင် အားထုတ်ရန် အခွင့်အရေးအရှိဆုံး နေရာဟု CPA ဆို

မင်းတပ်၊ ကန်ပက်လက် စစ်မြေပြင်က စစ်တပ်ထိုးစစ်လန်ကျအောင် အားထုတ်ရန် အခွင့်အရေးအရှိဆုံး နေရာဟု CPA ဆို

အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် စုစည်း ထိုးစစ်ဆင်ခြင်းမျိုး မဟုတ်ဘဲ စစ်အင်အားထောင်ချီဖြင့် တစ်မိုင်ကျော်ခန့် ဖြန့်ကျက်၊ ဝိုင်းပတ်၍ ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း သိရသည်။

ချင်းတောင်ပိုင်းစစ်ရေးအခြေအနေနှင့်ပတ်သက်၍ ဇွန်လ ၆ ရက်က ပြုလုပ်သော ချင်းညီနောင် (CB) အထူးရန်ပုံငွေပွဲတွင် ယင်းကဲ့သို့ ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။

“လူအင်အားကလည်း ကန်ပက်လက်ကို ထိုးတယ်၊ မင်းတပ်ကို ထိုးတယ်ဆိုတာမှာ အရင်တုန်းကလို ထိုးတာ မဟုတ်ပဲနဲ့ ဖြန့်ကျက်လိုက်တာပါ။ သူတို့ ထိုးစစ်ထိုးတဲ့ ပုံစံက ကန်ပက်လက်ကိုပဲ ထိုးထိုး၊ မင်းတပ်ကိုပဲ ထိုးထိုး၊ တစ်ကြောင်း မထိုးပဲနဲ့ ဖြန့်လိုက်တဲ့ ဟာကကိုပဲ တစ်မိုင်စာ၊ နှစ်မိုင်စာလောက်ကို လူတွေကို ဖြန့်ကျက်လိုက်ပြီးမှ နည်းနည်းချင်းစီနဲ့ ဝိုင်းပြီး ထိုးတက် ကြတာပါ။ ခံစစ်လုပ်တဲ့ လူကလည်း သူတို့ ဖြန့်တဲ့အထိ ပြန်ဖြန့်နိုင်ရတာပေါ့နော်။ အဲလိုနေရာတွေမှာတော့ အခက်အခဲ ရှိတာပေါ့။ အဓိကက သူတို့က လူအင်အား သုံးနိုင်တာရယ်၊ လက်နက်ကျည်အင်အား သုံးနိုင်တာတယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။

စစ်တပ်စစ်ကြောင်းများသည် ယခင်ကထက် ပိုမို ကြမ်းတမ်း၊ မိုက်ရူးရဲဆန်ခြင်းကို တွေ့မြင်လာရပြီး ဒေသအတွင်း မဲမဲမြင်ရာ အကုန်လုံးကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း၊ စစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့် ပြည်သူစစ်များသည် မူးယစ် ဆေးဝါးသုံးစွဲပြီး အသေခံ ထိုးတက်လာသည့် ပုံစံများကို စစ်ပွဲအတွင်း တွေ့နေရကြောင်း ကိုယောမာန်က ပြောသည်။

မေလလယ်မှစတင်၍ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်းမြို့များသို့ အင်အား ၂၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာနေသော စစ်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ် ထိုးစစ်ကို ကောင်းမွန်စွာ ခုခံဟန့်တားထားနိုင်ကြောင်း သိရသည်။

တချို့နေရာများတွင် စစ်တပ်ထိုးစစ်ကို နောက်ပြန်ဆုတ်သွားအောင် ပြန်တွန်းလှန်ထားနိုင်သည့် အခြေအနေ ရှိသည်ဟု ကိုယောမာန်က ပြောသည်။

ချင်းတောင်ပိုင်းသို့ စစ်တပ်ထိုးစစ်၏ အဖြေသည် နောက်ထပ် နှစ်လ၊ သုံးလခန့် ကြာမြှင့်နိုင်ပြီး လောလောဆယ် စစ်ရေး အခြေအနေသည် အဖြေ မပေါ်နိုင်သေးကြောင်း၊ ချင်းကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူများအနေဖြင့် တော်လှန်ရေး သက်လုံးကောင်းရန် လိုအပ်သည်ဟု သိရသည်။

လက်ရှိ ခုခံစစ်မှာ ပြည်တွင်းပြည်ပ ပြည်သူများ၏ အထောက်အပံ့ အကူအညီ အများအပြား လိုအပ်နေပြီး စစ်တပ်၏ ထိုးစစ်ကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ခုခံသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၊ ပြည်သူများ တတတ်တအား ပူးပေါင်းပါဝင်ကြရန် ယခုအချိန်သည် အရေးကြီးဆုံးအချိန်ဖြစ်ကြောင်း ချင်းအင်အားစုများက ယင်းရန်ပုံငွေ ပွဲတွင် ပြောသည်။

စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ခုခံရန်အတွက် အခြားစစ်ဒေသများကို စေလွှတ်ထားသော ရဲဘော်များလည်း ပြန်လည် ရောက်ရှိပြီး တိုက်ပွဲဝင်လျက်ရှိသည်ဟု သိရသည်။

မင်းတပ်၊ ကန်ပက်လက် စစ်မြေပြင်သည် စစ်တပ်၏ နိုင်ငံတဝန်း ထိုးစစ်ကို တပ်လန်ကျအောင်လုပ်ရန် အခွင့်အရေး အများဆုံး အခြေအနေကို ပိုင်ဆိုင်ထားသည်ဟုလည်း CPU/ CPA) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။

“စစ်ကောင်စီ ထိုးစစ်တွေက စစ်ကိုင်းမှာ ဖြစ်စေ၊ မကွေးမှာ ဖြစ်စေ၊ ကချင်မှာ ဖြစ်စေ စတဲ့ တချို့နေရာတွေမှာ အောင်ပွဲတွေ ရနေတယ်။ ရှေ့တိုးနိုင်နေတယ်။ အဲဒီအောင်ပွဲ အရှိန်နဲ့ သူတို့ ရှေ့တိုးလာတာ ဖြစ်တယ်။ တနိုင်ငံလုံးမှာ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်၊ ဒီစစ်မြေပြင်မှာပဲ စစ်ကောင်စီ ထိုးစစ်ကို ရပ်တန့် ဟန့်တားပြီးမှ ထိုးစစ်လန့်ကျသွားအောင် လုပ်နိုင်တဲ့ အခွင့်အရေးက ဒီစစ်မြေပြင်မှာပဲ ရှိတယ်။ ဒီစစ်မြေပြင်မှာပဲ တစ်နိုင်ငံလုံးမှာ ထင်ရာစိုင်းနေတဲ့ စကမတပ်တွေ တပ်လန်ဖို့ဆိုတာ ဒီစစ်မြေပြင်မှာပဲ ရှိတယ်။ ကျနော်တို့ ဝိုင်းဝန်းရုန်းကန်ကြိုးစား အားထုတ်ရင် ဒီနေရာမှာ အခွင့်အရေး အရှိဆုံးပဲ။ ဒီနေရာမှာပဲ ဖြစ်နိုင်ခြေအများဆုံးပဲ။ တပ်လန်အောင်လုပ်နိုင်တဲ့ အကောင်းဆုံး အခွင့်အရေးက ဒီမှာပဲ ရှိတယ်။ ဒီမှာ ကြိုးစားဖို့၊ အားစိုက်ဖို့ လိုတယ်။ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ လုံးဝကြိုးစားကြမယ်၊ အားထုတ်ကြမယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။

လက်ရှိတော်လှန်ရေးသည် မြန်မာ့ နိုင်ငံရေးအခင်းအကျင်း၊ နယ်မြေအခင်းအကျင်း အားလုံးကို ပြောင်းလဲပစ်ရမည့် လူထု တော်လှန်ရေး ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များသည် စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကို ထပ်မံ ရင်ဆိုင်နေရပြီး ကလေးငယ်၊ သက်ကြီးရွယ်အိုအပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်မှစတင်၍ ချင်း- ရခိုင်- မကွေး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသော လမ်းဆုံကျေးရွာဖြစ်သည့် ကံကြီးကျေးရွာတွင် စစ်တပ်က အထိုင်ချ တပ်စွဲပြီးနောက် ချင်းတောင်ပိုင်းနှင့် ရခိုင်သို့ ဖြတ်လေး ဖြတ် ပြုလုပ်ကြောင်း သိရသည်။

June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာ ၃ ရွာက လူငယ်အမျိုးသား၊ အမျိုးသမီး ၄၀...
June 5, 2026
မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ (၁) ရက်နေ့ကစ၍ စစ်အစိုးရက အခြေခံပ ညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး...
June 4, 2026
အာဏာသိမ်းစစ်တပ်သည် မင်းတပ်မြို့နယ်ကို ဖြတ်လေးဖြတ် ပြုလုပ်ပြီး ထိုးစစ်ဆင်လာသည့်အတွက်...
June 3, 2026
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ - မြန်မာ -...