စအိုင်ဆူး မြန်မာနိုင်ငံ၏မြစ်ချောင်းများပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကြီးများရှိနေသ၍ စစ်မှန်သည့် ငြိမ်းချမ်း ရေးမနိုင်ကြောင်း မတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့၌ ဌာနေတိုင်းရင်းသားများက တောင်းဆိုခဲ့ကြသည်။
ရေကာတာစီမံကိန်းများကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု များနှင့် ဒေသခံ ဌာနေတိုင်းရင်းသားများ၏ ဘဝများကို ထိခိုက်ပျက်စီးစေကြောင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ သံလွင်မြစ်ကမ်းနံဘေးတွင် တိုင်းရင်းသားလူမျိုးများ စုပေါင်းပြုလုပ်သည့် ရေကာတာဆန့်ကျင်ရေးနေ့ လှုပ်ရှားမှု၌ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ဝင် နော်ဆာမူးက ယခုလို ပြောဆိုခဲ့သည်။
၎င်းက “ဘယ်နေရာမှာဖြစ်ဖြစ် ရေကာတာလို စီမံကိန်းတွေ ဖြစ်ပေါ်ပြီးဆိုတာနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံလို ဒေသမှာဆို တိုက်ပွဲတွေက အရင်ဆုံးဖြစ်တာပဲ။ ဒေသခံလူထုတွေ ပြောင်းရွှေ့ထွက်ပြေးရတာတွေလည်း ဖြစ်စေ တယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် ဟတ်ကြီးရေကာတာစီမံကိန်းကြောင့် ဒေသခံလူထု ခြောက်ထောင်လောက် မြိုင်ကြီးငူကိုပြောင်းရွှေ့နေထိုင်နေရတယ်။ တိုက်ပွဲဒဏ်ကိုပဲခံစားရတာမဟုတ်ဘဲ အမျိုးမျိုး ခံစားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဒေသခံ ဌာနေတိုင်းရင်းသားလူမျိုးများအတွက် အကျိုးဖြစ်ထွန်းခြင်းထက် ထိခိုက်ပျက်စီးမှုကို ပိုမို ဖြစ်ထွန်း စေပြီး ကမ္ဘာ့ဂေဟစနစ်ကို ထိခိုက်စေသည့် ရေကာတာစီမံကိန်းကြီးများကို လုံးဝဖျက်သိမ်းသင့်ကြောင်း နော်ဆာမူး က ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်လက်တက်များ၊ စစ်တောင်း၊ သံလွင်နှင့် တနင်္သာရီမြစ်များပေါ်တွင် တည်ဆောက်ပြီးစီး ခဲ့သည့် ရေကာတာစီမံကိန်းကြီးများ၊ တည်ဆောက်ရန် စီစဉ်ထားသည့် စီမံကိန်းကြီးများနှင့် ဖျက်သိမ်းထားသည့် စီမံ ကိန်းကြီးများ ၂၈ခုရှိပြီး တည်ဆောက်ပြီးစီးထားသည့် ရေကာတာ ၅ခု၊ ဖျက်သိမ်းလိုက်သည့် ရေကာတာ ၁ခုနှင့် ကျန်ရေကာတာ စီမံကိန်းကြီး ၂၂ခုကိုမူ တည်ဆောက်ရန် ဆက်လက် စီစဉ်နေကြောင်းလည်း မြန်မာနိုင်ငံ မြစ် ချောင်းများဆိုင်ရာကွန်ယက်က ပြောဆိုချက်အရ သိရသည်။
အဆိုပါ ရေကာတာစီမံကိန်းများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် တည်ရှိနေခြင်းကြောင့်လည်း စီမံကိန်းကို မလိုလားသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော် အကြား လက်နက်ကိုင်ပဋိပက္ခများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။ ထို့အပြင် စီမံကိန်းပြီးစီးသည့် နေရာဒေသများ တွင်လည်း စီမံကိန်း၏ အကျိုးကို ဒေသခံများ မခံစားရဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံရမှုများလည်း ကြုံတွေ့ခဲ့ရ ကြောင်း ဒေသခံတိုင်းရင်းသားများက ပြောဆိုသည်။
ဟတ်ကြီးစီမံကိန်းအနီး အီတိုးထစခန်းမှ ဒေသခံ စောစိုးခူက “ကျနော်တို့ စားဖို့သောက်ဖို့၊ သွားလာဖို့က သံလွင်မြစ်ကိုပဲ အဓိက မှီခိုနေကြရတာ။ ကျနော်တို့ သံလွင်မြစ်ပေါ်မှာ ရေကာတာ လာဆောက်မယ်ဆိုရင် ဒီမှီခိုနေရမှုတွေ အကုန်ပျက်စီးကုန်မှာပဲ။ တကယ် တည်ဆောက်မယ်ဆိုရင် စစ်တပ်တွေ ကျနော်တို့ကို သေနတ်နဲ့ လာပစ်တာထက်တောင် ပိုဆိုးမယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ နေထိုင်စားသောက်မှု တစ်ဦးတစ်ယောက်ထဲမကပဲ အကုန်လုံး ပြေးလွှားရှောင်တိမ်းရပြီး ဘယ်လိုလုပ်ကိုင်စားသောက် ရမလဲဆိုတာ အကုန်လုံး ခက်ခဲကုန်မယ်။”ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ သျှမ်း(ရှမ်း)၊ ကရင်နီ(ကယား)၊ မွန်နှင့် ကရင်ပြည်နယ်များသို့ ဖြတ်သန်းစီဆင်းသည့် သံလွင်မြစ်ပေါ်တွင် အကြီးစား ရေအားလျှပ်စစ် ရေကာတာ စီမံကိန်း ၇ခု တည်ဆောက်ရန် ယခင်အစိုးရလက်ထက်မှစ၍ စီစဉ်ဆောင် ရွက်လျက်ရှိပြီး ၎င်းစီမံကိန်းကြီးများကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်လာမည့်အပေါ် ဒေသခံများက စိုးရိမ်ကြသည်။
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်နှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်တို့ ဦးဆောင် စုပေါင်း ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့်ရေကာတာဆန့်ကျင်ရေးနေ့သို့ သျှမ်း(ရှမ်း)၊ ကရင်နီ(ကယား)၊ ကယန်း၊ တအာင်း၊ ကူကီး၊ ပအိုဝ်း၊မွန်၊ရခိုင်၊ ချင်း၊ ကချင်နှင့် ဒေသခံ ကရင်တိုင်းရင်းသားများ အပါအဝင် စုစုပေါင်း ၂,၀၀၀ကျော် ပါဝင်တက်ရောက်ခဲ့သည်။
မြစ်ဆုံစီမံကိန်းကြောင့် ကျေးရွာပြောင်းရွှေ့နေထိုင်ခဲ့ရသူ ကချင်အမျိုးသမီး ဒေါ်သိမ့်ဝမ်က “မြစ်ဆုံစီမံကိန်းမှာက ဒေသကျေးရွာ ၄ရွာရှိပါတယ်။ ကျမတို့ ရွှေ့ပြောင်းခဲ့ရတာက ၂၀၁၁က အခုဆိုရင် ၁၀နှစ်လောက်ရှိပြီး။ တရုတ်တွေ က မင်းတို့ဒေသခံတွေ ၈၀ရာခိုင်နှုန်းလောက် သဘောတူပြီးပြောင်းရွှေ့တာဖြစ်တယ်။ မင်းတို့ကိုလည်း ပိုက်ဆံအ ကုန်ပေးပြီးပြီ။ အခု မင်းတို့ ဘာမှပြောစရာမလိုတော့ဘူး။ တကယ်က ကျမတို့က ဘာလက်မှတ်မှ မထိုးခဲ့ရဘူး။ အဲ့ လိုဒေသခံတွေကို လိမ်ပြီးမှ ဒီရေကာတာစီမံကိန်းကို လုပ်နေကြတာ။”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ တိုင်းရင်းသားဒေသများရှိ မြစ်ချောင်းများတွင် ရေကာတာတည်ဆောက်ခြင်း လုံးဝမပြုလုပ်ရန်အပြင် တည်ဆောက်ပြီးစီးသည့် စီမံကိန်းများနှင့် လျာထားစီမံကိန်းများကြောင့် ထိခိုက်နစ်နာသူ ဒေသခံများအပေါ် ကု စားပေးရန်၊ ဌာနေတိုင်းရင်းသားများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များကို လေစားလိုက်နာရန်နှင့် လက်ရှိ ဖြစ်ပွားနေဆဲ ပဋိပက္ခများအဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ထွန်းမှုရရှိလာသည်အထိ ရေကာတာ စီမံကိန်းများကို ရပ်တန့်ထားရန် လိုအပ်ကြောင်း အဆိုပါကွန်ယက်များက သဘောထား ထုတ်ပြန်တောင်းဆိုထားသည်။
လက်ရှိမြန်မာနိုင်ငံရှိ မြစ်ချောင်းများပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ရေကာတာစီမံကိန်းကြီးငယ်ပေါင်း ၁၀၀ကျော်ရှိသည့်အနက် သံလွင်မြစ်ချောင်းပေါ်တွင် စီမံကိန်းကြီးငယ် ၁၄ခုပါဝင်ပြီး ကရင်ပြည်နယ်တွင် မဂ္ဂါဝပ် ၄၅၄၀ရှိသည့် ဝဲကြီး၊ မဂ္ဂါဝပ် ၇၂၀ရှိသည့် ဒါးဂွင်နှင့် မဂ္ဂါဝပ် ၁၂၀၀ရှိ ဟတ်ကြီးရေကာတာစီမံကိန်းတို့ ပါဝင်သည်။







