မိုးကာတဲဖြင့် နှစ်နှစ်ကြာ ခိုလှုံခဲ့ရသော ပမ္မတီး စစ်ရှောင်များ နေအိမ် ရရှိ

မိုးကာတဲဖြင့် နှစ်နှစ်ကြာ ခိုလှုံခဲ့ရသော ပမ္မတီး စစ်ရှောင်များ နေအိမ် ရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်နေ စစ်ရှောင်များ မိုးကာတဲတွင် ၂ နှစ်ခန့် ခိုလှုံခဲ့ပြီးနောက် ပထမဆုံးနေအိမ် ရရှိပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

“ကျနော်တို့ အစိုးရကိုလည်း အခက်အခဲရှိတဲ့အကြောင်း အကူအညီ တောင်းတယ်။ စစ်ရှောင်တွေက မိုးကာတဲနဲ့ နေကြတာဆိုတော့ မိုးတွင်းမှာဆိုလည်း မိုးရွာရင် မိုးယိုတယ်။ တစ်နေ့လုပ် တစ်နေ့စား ရှာထားတဲ့ ဆန်တွေလည်း မိုးယိုတော့ စိုကုန်၊ စားစရာ ဘာ မရှိ။ နွေကျတော့လည်း မိုးကာတဲမှာ နေရတော့ ထမင်းပေါင်းအိုးထဲ နေကြရသလိုပဲ၊ အရမ်းကို ခက်ခဲတယ်။ အဲဒါကြောင့် သက်ဆိုင်ရာတွေကို အကူအညီပေးဖို့ တင်ပြတဲ့အခါ NRC နော်ဝေးက အဖွဲ့အစည်းကနေ လာဆောက်ပေးနေတာ ဟုတ်တယ်” ဟု ပမ္မတီးစစ်ရှောင်တာဝန်ခံ သာသနာနယ် ၁၀မှ အမှုတော်ဆောင် သင်းအုပ်ဆရာကြီး ဒရှီတန်နောင်က ပြောသည်။

အဆိုပါ စစ်ရှောင်များသည် နမ္မတီးမြို့ ကံလှ ဧမာနွေလဘုရားကျောင်းမှ မြစ်ကြီးနားသို့ ပြောင်းရွှေ့လာပြီးနောက် နှစ်နှစ်ခန့်ကြာမှ နေအိမ် ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။ခါနန် စစ်ဘေးရှောင်များသည် ၂၀၁၈ခုနှစ်က စကာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နမ္မတီး ကံလှရှိ ဧမာနွေလနှစ်ခြင်းအသင်းတော်တွင် စတင်နေထိုင်ခဲ့ကြသည်။

ထို့နောက်  နေရာထိုင်ခင်း အဆင်မပြေမှုများကြောင့် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် ပြောင်းရွှေ့နေထိုင်ရန် ကချင်ပြည်နယ်အစိုးရ နှုတ်မိန့်ဖြင့် ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။ သို့သော် စစ်ရှောင်အတုဟု စွပ်စွဲပြောဆိုသူများရှိ၍ နှစ်နှစ်ကြာတိုင် အဆင်မပြေမှုများ ရ်ှိခဲ့သည်။

“သူတို့က စစ်ရှောင်အတုတွေဖြစ်တယ်ဆိုပြီး အဖွဲ့အစည်းတိုင်းကို လိုက် ပြောထားတဲ့အတွက် ကျနော်တို့အနေနဲ့ ဒီစစ်ရှောင်တွေအတွက် အကူအညီ လိုက်လံ တောင်းတဲ့အခါမှာ အခက်အခဲတွေရှိတဲ့အတွက် ခု ၂နှစ်လောက် ကြာသွားတဲ့ထိ မိုးကာတဲမှာ နေနေရခြင်း ဖြစ်တယ်” ဟု သင်းအုပ်ဆရာကြီး ဒရှီတန်နောင်က ပြောသည်။

လက်ရှိတွင် အိမ်ခြေ ၃၀ ရှိသည့်အနက် လေးအိမ်မှာ မြစ်ကြီးနားမြို့တွင် နေအိမ်များ ရှိသည့်အတွက် အိမ်ထောင်စု ၂၆ စုအတွက်သာ ဆောက်လုပ်ပေးနေကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။

စစ်ရှောင်များအတွက် လူနေဆောင်များ အဓိက ဆောက်လုပ်ပေးနေသည့် NRC သို့ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...