ပစ်ခတ်မှုများကြောင့် ကျောက်တော်ဒေသခံ အများအပြား ထပ်မံ ထွက်ပြေး

ပစ်ခတ်မှုများကြောင့် ကျောက်တော်ဒေသခံ အများအပြား ထပ်မံ ထွက်ပြေး
ရခိုင်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း REC က ထုတ်ပြန်ထားသည်။
ရခိုင်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း REC က ထုတ်ပြန်ထားသည်။

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ လူဦးရေ (၁၀၀၀)နှင့်အထက်နေထိုင်သည့် ကျေးရွာအချို့ကို လက်နက်ကြီးကျည်များ ကျရောက်လာသောကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံက သိရသည်။

လက်ရှိတွင် မျောက်တောင်ကျေးရွာမှ ဒေသခံ(၁၀၀၀)ကျော်၊ သာစည်ကျေးရွာမှ ဒေသခံ(၂၀၀၀) ကျော် နှင့် ရွှေပြည်ကျေးရွာမှ ဒေသခံ(၂၀၀၀)ကျော်အထိ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူများမှာ နီးစပ်ရာဆွေမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် တည်းခိုနေရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးပိုင်းတွင် အခက်အခဲများရှိနေကြောင်း ရွှေပြည်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“အခက်အခဲကတော့ အကုန်လုံးရှိတယ်။ စားဝတ်နေရေးပိုင်းရော၊ ကျန်းမာရေုးပိုင်းရော အခက်အခဲရှိတယ်။ ဆွေမျိုးအိမ်မှာ နေထိုင်စားသောက်သူတွေလည်း ရှိတာပေါ့။ ခိုကိုးရာ ဆွေမျိုးမရှိတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းမှာနေပြီးတော့ ကျေးရွာကလူတွေချက်ကျွေးတာကို စားနေရတယ်” ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အဘက်ဘက်မှ စိုးရိမ်နေရသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“လူမှာက အဓိက အသက်အန္တရာယ်ကို စိုးရိမ်ရတယ်။ ကျန်းမာရေးချွတ်ယွင်းမှုတွေလည်း ဖြစ်လာနိုင်တယ်။ တစ်ရက်စာကိုတစ်ရက် ရှာဖွေစားသောက်နေတဲ့သူတွေ၊ အောက်ခြေလူတန်းစားတွေမှာဆိုလည်း စားဝတ်နေရေး အဆင်မပြေဖြစ်လာတယ်။ အစခပ်သိမ်းပဲပေါ့” ဟု၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ ထုတ်ပြန်ချက်အရ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...