လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝတွင် ထိခိုက်သေဆုံးမှုများ ရှိ

လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝတွင် ထိခိုက်သေဆုံးမှုများ ရှိ

Salai Benazar — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မိတ်စားကျေးရွာကို မတ် ၁၄ ရက် နံနက်ပိုင်းက လေကြောင်းဖြင့် ဗုံးကြဲခံရမှုကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း ဒေသခံ ပြောဆိုချက်အရ သိရသည်။

“(မတ် ၁၄ ရက် ) မနက် ၁၁နာရီလောက်က တိုက်လေယာဉ်တစ်စီးက မိတ်စာဝ အမှတ် ၃ ကို လာပစ်တယ်၊ အဲဒါပြီးတော့ သိပ်မကြာဘူး၊ မိတ်စာဝ အမှတ် ၂ ကို ထပ်ပြီးတော့။ အဲတော့ အိမ်တွေလည်း မီးလောင်သွားတယ်၊ လူတွေလည်း သေတယ်၊ ဒဏ်ရာရတဲ့သူလည်း များတယ်၊ ခုထိ စာရင်းအတိအကျ မရနိုင်သေးဘူး၊ အခု လောလောဆယ် စာရင်းအရ ၈ ယောက် သေတယ်၊ ဒဏ်ရာရတဲ့သူက ၆ယောက် ရှိတယ်၊ မိတ်စာဝ အမှတ် ၃ မှာက ဘယ်လောက် ထိသလဲ မသိရသေး။ ခုက ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းမှာ ခိုနေကြတယ်၊ ရုတ်တရက် လာပစ်တာဆိုတော့ လူတွေက သတိမထားမိတော့ သေတာတွေ ဒဏ်ရာရတာတွေ များကုန်တာ”ဟု ဒေသခံ ဦးလိုင်ပက ပြောသည်။

လက်ရှိအချိန်တွင် ပျက်စီးဆုံးရှုံးမှု အတိအကျ မသိရသေးဘဲ မီးလောင်နေသည့် နေအိမ်များကို လိုက်လံ ငြှိမ်းသတ်နေကြောင်း ဦးလိုင်ပက မတ် ၁၄ တွင် ပြောသည်။ ဖော်ပြပါဖြစ်စဉ်ကြောင့် သေဆုံးသူ ၈ ဦးတွင် ကလေးတစ်ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူ ၆ ဦးတွင် ၃ ဦးမှာ စိုးရိမ်ရသဖြင့် ဆမီးဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဆလိုင်းမျိုးထိုက်က“အဲဒီ မိတ်စာဝကျေးရွာပတ်ဝန်းကျင်က ချင်းရွာတွေပဲ ရှိတယ်၊ ရခိုင်လည်း မရှိဘူး၊ သူတို့က မှားပစ်တာလား၊ စစ်ဆင်ရေးတာလားဆိုတာ ကျနော်တို့ကတော့ ပြောဖို့ ခက်တယ်၊ ကိုယ့်ညီအစ်ကိုတွေဆိုတော့ စိတ်မကောင်းဘူး၊ ပြည်နယ်အစိုးရဆီကိုလည်း တင်ပြထားတယ်၊ အဲလိုမျိုး ရွာထဲမှာ မပစ်ဖို့ အကူအညီတော့ တောင်းထားတယ်”ဟု ပြောသည်။

မိတ်စာဝကျေးရွာမှာ ရပ်ကွက် ၃ခု အိမ်ခြေ ၇၀ ကျော် ရှိပြီး ရွာနှင့် ဝန်းကျင်တွင် ချင်းလူမျိုးများသာ နေထိုင်ကြောင်း၊  ရွာနားတွင် ရက္ခိုင့်တပ်တော်(AA) လှုပ်ရှားမှု မရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်အပေါ် ဦးလိုင်ပက  “ကျနော်တို့ ရွာက ရန်သူနယ်မြေ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ကို ငဲ့ညှာခွင့်လွှတ်ပေးပါ၊ ထပ်မပစ်ဖို့ တောင်းပန်ချင်ပါတယ်၊ အခုက ဆုံးရှုံးနစ်နာမှုတွေလည်း အများကြီး ဖြစ်နေပြီ၊ နောက်တစ်ခါ ထပ်ပစ်ရင် အကုန်လုံးသေရုံပဲ ရှိတော့တယ်”ဟု ပြောသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...