ကျောက်တော်မြို့နယ်တွင် သေနတ်ပစ်ခံရ၍ သုံးဦး သေ၊ နှစ်ဦး ဒဏ်ရာရ၊ နေအိမ် ၁၄ လုံး မီးလောင်

ကျောက်တော်မြို့နယ်တွင် သေနတ်ပစ်ခံရ၍ သုံးဦး သေ၊ နှစ်ဦး ဒဏ်ရာရ၊ နေအိမ် ၁၄ လုံး မီးလောင်

ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် သာစည်ကျေးရွာတွင် သေနတ်ကျည် ထိမှန်၍ သုံးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိကာ နေအိမ် အများအပြား မီးလောင်သွားခဲ့သည်။  

သေဆုံးသူမှာ အဆိုပါကျေးရွာနေ မောင်ကျော်ဘု(၂၃)နှစ်၊  စစ်ဘေးရှောင်ရန် ပြိုင်းတိုင်းကျေးရွာမှ ရောက်ရှိလာသူ မသိန်းစော (၁၈)နှစ်နှင့် ဦးညွှန့်လှ (၅၆) နှစ်တို့ဖြစ်ကြသည်။ သေဆုံးသူ မောင်ကျော်ဘု၏ ညီ မောင်ဝင်းကျော်လှိုင် အသက်(၁၉)နှစ်  ကျောကုန်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် ဒဏ်ရာသူတစ်ဦးမှာ  ဦးစောမြအောင် (၅၄) နှစ် ဖြစ်ကြောင်း၊ မောင်ဝင်းကျော်လှိုင်မှာ ဒဏ်ရာပြင်းထန်ပြီး  ဆေးရုံသို့ အရေးပေါ်  ပို့ဆောင် ကုသရန် လိုအပ်နေကြောင်း သာစည် ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ရွာနားက ကားလမ်းပေါ်ကနေစပစ်တာ။ ရွာထဲကိုပစ်တယ်။ စစ်သားတွေပစ်တာပေါ့။ ဘယ်သူ ပစ်မလဲ။ အခု ဗုံးတွင်းထဲကနေ ပြောနေရတာ ရွာထဲမှာစစ်သားတွေရှိသေးတယ်။ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘဲနဲ့ သူတို့ ကားလမ်းကနေဖြတ်သွားပြီး ရွာထဲဝင်ပြီးပစ်တာ။ သေတဲ့ လူတွေကိုလည်း ဒီတိုင်း၊ ဒဏ်ရာရတဲ့လူလည်း ဒီတိုင်းပဲ ရှိသေးတယ်။ ဘယ်သူမှ ထွက် မကြည့်ရဲဘူး။ ဒဏ်ရာရတဲ့ သူတွေလည်း များနေပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်သဖြင့် ရွာသားများ နေအိမ်အောက်များနှင့် ဗုံးခိုကျင်းများတွင် ပုန်းခိုနေကြရပြီး သေဆုံးသူများမှာ ဗုံးတွင်းတွင် ပုန်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာထဲကို ဝင်ပစ်တာ။ အိမ်တွေကို ရှေ့မှာတင် ကြည့်လို့ ပစ်တာ။ ကျွန်မတို့ အခုထိ ဗုံးတွင်းထဲမှာပဲ ရှိနေပါသေးတယ်။ သေတဲ့လူတွေကို ဒီတိုင်း တွင်းထဲကို ပစ်ထည့်ခဲ့တာ။ ရွာထဲက တချို့ကိုလည်း သေနတ်ဘောင်တွေနဲ့ ထုလို့ ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်။ ဒဏ်ရာရတဲ့လူ အရေအတွက် မသိရသေးဘူး။ ညီအစ်ကိုနှစ်ယောက်မှာ အစ်ကိုဖြစ်သူ သေပြီး သူ့ညီလေးလည်း ဒဏ်ရာ ပြင်းတယ်” ဟု ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က နိရဥ္စရာမှ ဆက်သွယ်ရာတွင် ၎င်းအမျိုးသမီးက ပြောသည်။

လက်နက်ကြီးကျည်ကျ၍ နေအိမ် (၁၄) လုံး မီးလောင် ပြာကျသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

သာစည်ကျေးရွာတွင် အိမ်ခြေ(၄၀၁)ဆောင်ရှိပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

 ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က “မျောက်တောင်ကနေ ဖုန်းဆက် အကြောင်းကြားလာတယ်။ သာစည်ရွာမှာ ၃ ယောက်သေတယ်လို့ သိရတယ်။ စစ်သား တွေတော့ အဲဒီနားမှာရှိတယ်။ ပစ်နေတယ်လို့ပြောတယ်။ တိုက်ပွဲဖြစ် မဖြစ်မသိဘူး။ သေနတ်တွေနဲ့ ပစ်နေတာ မြင်ရတယ်လို့ ပြောတယ်။ သာစည်မှာ အိမ်တွေ မီးလောင်နေတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့လူ အရေအတွက်တော့ မသိရသေးဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ထံ မတ်လ ၁၃ ရက် ညနေ ၃ နာရီ ၅ မိနစ်က  ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...