ရခိုင်မှ မကွေးသို့ ထပ်မံ ပြောင်းရွှေ့လာသူ စစ်ဘေးရှောင် ချင်းလူမျိုးများကို သက်ဆိုင်ရာဌာနများ လက်မခံ

ရခိုင်မှ မကွေးသို့ ထပ်မံ ပြောင်းရွှေ့လာသူ စစ်ဘေးရှောင် ချင်းလူမျိုးများကို သက်ဆိုင်ရာဌာနများ လက်မခံ

Salai Khup Khup - ရခိုင်ပြည်နယ် အမ်းမြို့နယ်ဖက်မှ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ထန်းပင်ကုန်းအုပ်စု  တဖန်ရောင်ကျေးရွာသို့ ထပ်မံ ရောက်ရှိလာသည့် စစ်ဘေးရှောင် အရှိုချင်းလူမျိုး ၃၅ ဦးကို မြို့နယ်အုပ်ချုပ်ရေးဌာနအပါအဝင် ဌာနဆိုင်ရာအားလုံးက လက်ခံရန် ကန့်ကွက်ကြကြောင်း ဒေသခံ ဦးရဲကျော်စွာက ပြောသည်။

စစ်ဘေးရှောင်သူများကို အိမ်တွင် လက်ခံထားသည့် ဦးရဲကျော်စွာက “ကျွန်တော်တို့ အိမ်မှာလည်း လူ ၃၅ ယောက်၊ ထားဖို့ကလည်း အဆင်မပြေတော့ ကျွန်တော်တို့အိမ်နဲ့ ကိုက်ငါးရာအကွာမှာရှိတဲ့ ကိုယ်ပိုင်မြေကွက်၊ အုတ််လုပ်ငန်း လုပ်ကိုင်နေတဲ့ ဝင်းထဲမှာ အုတ်တွေ လှောင်တဲ့ ဂိုဒေါင်တွေ ရှိတယ်၊ အဲဒီမှာ သူတို့ကို ယာယီထားဖို့ တင်ပြတဲ့အခါကျတော့ လုံးဝ ထားပိုင်ခွင့် မရှိဘူး၊ ခင်ဗျား အိမ်ထဲမှာ ထားချင်ရင် ထား၊ အိမ်ထဲမှာပဲ ထားပိုင်ခွင့် ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကအစ ဌာနဆိုင်ရာအသီးသီးက ကန့်ကွက်ကြတယ်”ဟု ပြောသည်။

တဖန်ရောင်ရွာသို့ ရခိုင်ပြည်နယ်ဖက်မှ မတ်လ ၅ ရက်နေ့တွင် ကိုးဦးရောက်ရှိလာပြီး ၁၁ ရက်နေ့တွင်လည်း ထပ်မံ ရောက်ရှိလာသည့် စစ်ဘေးရှောင် စုစုပေါင်း ၃၅ ဦး ရှိသည်။

မတ်လ ၁၁ ရက် ညပိုင်းတွင် အမည်မသိ ဆိုင်ကယ်စီးလာသူ နှစ်ဦးမှ စစ်ဘေးရှောင်များ နေထိုင်သည့် ဦးရဲကျော်စွာနေအိမ်ကို မီးရှို့ခဲ့သော်လည်း အိမ် မီးမလောင်ဘဲ အိမ်နားရှိ အမှိုက်များသာ လောင်သွားခဲ့ကြောင်း၊ ယင်းသို့ မီးရှို့သည့် အမှုကို ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဦးရဲကျော်စွာက “ဘာကြောင့် အခုလိုတွေ ကန့်ကွက်ကြလဲတော့ ကျွန်တော် မသိဘူး၊ ရဲစခန်းကတော့ တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်ကို ကြည့်ရင် လူစုလူဝေးဆိုရင် ရောဂါ ပါလာမယ် ၊ အဲ ရောဂါတွေကြောင့်လည်း စိုးရိမ်ရတယ်၊ နောက်ပြီး သူတို့က ရခိုင်အရပ်ဒေသက လာတဲ့ လူတွေ ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်ဖွယ်ရာ လုံးဝ မရှိပါဘူး ဆိုတဲ့အကြောင်းနဲ့ ကန့်ကွက်မှု ဖြစ်မယ်လို့ စခန်းမှူးက ပြောတယ်”ဟု ပြောသည်။

တဖန်ရောင်ရွာတွင် အိမ်ခြေ ၄၈၀ ရှိပြီး ရခိုင်ဖက်မှ ပြောင်းရွှေ့လာသည့် အရှို ချင်းတိုင်းရင်းသား ဦးရေ ၂၀၀ န်းကျင် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

မကွေးတိုင်းရှိ အရှိုချင်း လူငယ် ဥက္ကဋ္ဌ ဆလိုင်းရိုးမောင်က “အစိုးရဖက်ကလည်း မထားချင်တဲ့ ပုံစံ ဖြစ်နေတယ်၊ ငဖဲမှာလည်း အတင်း လက်မှတ်ထိုးခိုင်းတယ်လို့ သိရတယ်၊ မြန်မာနိုင်ငံသားအချင်းချင်း၊ ကိုယ့်တိုင်းရင်းသား အချင်းချင်းလည်း ဖြစ်တယ် ၊ဒါကို လုံးဝ လက်မခံနိုင်ရင်လည်း လူသားချင်း စာနာထောက်ထားမှု လုံးဝအားနည်းတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။

ဇန်နဝါရီလ အစောပိုင်းက ရက္ခိုင့်တပ်တော်AAနှင့် မြန်မာတပ်မတော် တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းကြောင့် အမ်းမြို့နယ်ရှိ ဒါးလက်၊ မက်လမောင်းနှင့် ကဇုကိုင်းကျေးရွာအုပ်စုမှ အရှိုချင်းရွာသားများ အမ်းမြို့ပေါ်နှင့် မကွေးတိုင်းဒေသကြီးဘက်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...