ချင်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ မရှိ၍ ဒေသဖွံ့ဖြိုးရန် အခွင့်အလမ်း ပိုများဟု တပ်ချုပ် ပြော

ချင်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ မရှိ၍ ဒေသဖွံ့ဖြိုးရန် အခွင့်အလမ်း ပိုများဟု တပ်ချုပ် ပြော

Salai C Lian — ချင်းပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ မရှိသည့် နယ်မြေဖြစ်သည့်အတွက် ဒေသ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ပိုမိုများပြားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

"ပြည်ထောင်စုဒေသအားလုံးတွင် မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှုရှိမှ အတတ်ပညာ၊ အသိပညာများနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရမည်ဖြစ်တယ်၊ ချင်းပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ မရှိသည့်နယ်မြေဖြစ်သည့် အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းပိုမိုများပြားတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကလေးမြို့နှင့် ချင်းပြည်နယ် တီးတိန်၊ ဟားခါး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံပွဲ မတ်လ ၁၀ ရက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအကြောင်းနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် စဉ်းစားပြီးမှသာ ပြောဆိုသင့်ကြောင်း ချင်းအမျိုးသားတပ်ဦး တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Sui Khar က ပြောသည်။

“အဲဒါလေးတွေပေါ့၊ လူကြီးတွေ စကားပြောတဲ့ခါမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကအစ အဲဒါတွေကြားနေရတယ်၊ အဲဒါကြောင့် လူကြီးတွေ အနေနဲ့ စကားပြောတဲ့ခါ လက်လွှတ်စပယ် မပြောသင့်ဘူး၊ နိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ ခရှိတဲ့နေရာ ပိုသိသင့်တယ်၊ နိုင်ငံခေါင်းဆောင် တစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွင်း ဖြစ်နေတဲ့ကိစ္စကို အသေးစိတ် သိသင့်တယ်” ဟု ဒေါက်တာ Sui Khar က ပြောသည်။

ပလက်ဝဒေသခံ ကျောင်းဆရာ ကျော်ရှိန်းကလည်း “ချင်းပြည်နယ်မှာ အေးချမ်းတယ်လို့ တစ်ချို့က ပြောပေမဲ့ ပလက်ဝမြို့နယ်မှာကတော့ မအေးချမ်းသေးဘူး၊ ပလက်ဝမြို့နယ်က ချင်းပြည်နယ်ထဲက မြို့မဟုတ်ဘူးလားလို့၊ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်ရဲ့လက်အောက်မှာ ထားတာဖြစ်တယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲမှာ မထည့်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ မထည့်တာလား၊ အဲလိုပဲ ပြောချင်တယ်၊ ပြည်နယ်အလိုက် အုပ်ချုပ်ပုံနဲ့ စစ်ဌာန အုပ်ချုပ်ပုံ လွှဲသွားတာလားတော့ မသိဘူး” ဟု ထောက်ပြသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...