တပ်မတော်အရာရှိအပါအဝင် စုစုပေါင်း (၃၀)ဦးခန့်ကို AA ဖမ်းဆီးထား

တပ်မတော်အရာရှိအပါအဝင် စုစုပေါင်း (၃၀)ဦးခန့်ကို AA ဖမ်းဆီးထား
ရက္ခိုင့်တပ်တော် (AA)၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်ဖွဲ့ဝင်အချိုအား တွေ့ရစဉ်။ ဓာတ်ပုံ - AA
ရက္ခိုင့်တပ်တော် (AA)၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်ဖွဲ့ဝင်အချိုအား တွေ့ရစဉ်။ ဓာတ်ပုံ - AA

မြတ်ဆွေ — တပ်မတော် ဗိုလ်ကြီးအဆင့်ရှိသူများ၊ တပ်ရင်းမှူးအဆင့်ရှိသူနှင့် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံး စုစုပေါင်း(၃၀) ဦးခန့်ကို ဖမ်းဆီးရမိထားသည်ဟု ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

မတ်လ ၁၀ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး အမြောက်စခန်း(ဗျူဟာကုန်း)၏ ပတ်ဝန်းကျင်သို့ စစ်ကူပေးရန်လာသော တပ်မ(၇၇) လက်အောက်ခံ၊ ပဲခူးတိုင်း၊ ဘုရားကြီးမြို့အခြေစိုက်၊ ခမရ(၇)အား တိုက်ခိုက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီဗျူဟာကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်း။ သူတို့ကို ရဟတ်ယာဉ်နဲ့လာပြီးတော့ချတာ။ အဲဒီတပ်ရင်းကို ကျနော်တို့ဘက်က ချေမှုန်းလိုက်တာ”ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။

ထို့ပြင်  မတ်လ(၁၁) ရက်နေ့တွင်လည်း တပ်မ(၇၇) လက်အောက်ခံ၊ ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ အခြေစိုက်၊ ခမရ(၇) မှ ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူးတစ်ဦး၊ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၁၀)ဦးခန့်အား လက်နက်(၁၄) လက်၊ ခဲယမ်းအချို့နှင့်အတူ ထပ်မံဖမ်းဆီးရမိထားသည်ဟု AA က ထုတ်ပြန်သည်။

“မနေ့ညက တိုက်ပွဲဖြစ်ပွားတဲ့တပ်ရင်းက နောက်ဆုံးလက်ကျန်တွေကို ဖမ်းရတာ။ တပ်ရင်းကတော့ အတူတူပဲ ” ဟု ခိုင်သုခက မတ်လ(၁၁) ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို ရက္ခိုင့်တပ်တော်(AA)၏ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်း၊စည်းကမ်းများ၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများနှင့်အညီ ထိန်းသိမ်းထားမည်ဟု ၎င်းက ဆက်ပြောသည်။

ရက္ခိုင့်တပ်တော်(AA)သည် စစ်ဖက်နှင့်သက်ဆိုင်သူများကို ဖမ်းဆီးထားပြီး တပ်မတော်ဘက်က ဖမ်းဆီးထားသည့် အရပ်သားများနှင့် AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဆိုလျှင် ၎င်းတို့ကိုလည်း လွှတ်ပေးမည်ဟု နှစ်ကြိမ်ထက်မနည်း ထုတ်ပြန်ဖူးသည်။

သို့သော် ယင်းကမ်းလှမ်းချက်ကို တပ်မတော်နှင့်အစိုးရက လက်မခံနိုင်ကြောင်း တုန့်ပြန်ထားသည်။ ထိုသို့ ပြန်မလွှတ်ပေးလျှင် မိမိတို့ဖမ်းဆီးထားသူများကိုလည်း ဆက်လက်ထိန်းသိမ်းထားမည်ဟု ရက္ခိုင့်တပ်တော်(AA) ဘက်က တုန့်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်နေပြီး မီးချောင်းတံတားအနီး ဗျူဟာကုန်းပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ တပ်မတော်ဘက်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်လျက်ရှိနေသည်ဟု AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...