ရွှေ့ပြောင်းများ ရက် ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိနေရာတွင် မဲပေးနိုင်မယ့် ဥပဒေကို ကန့်ကွက် ဆန္ဒပြ

ရွှေ့ပြောင်းများ ရက် ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိနေရာတွင် မဲပေးနိုင်မယ့် ဥပဒေကို ကန့်ကွက် ဆန္ဒပြ

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ရက်ပေါင်း ၉၀ နေထိုင်ရုံမျှဖြင့် မိမိ ရောက်ရာဒေသတွင် မဲပေးပိုင်ခွင့် ရရှိမည့် ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် မတ်လ ၉ရက်နေ့ က မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော၂၀၁၉ အောက်တိုဘာလ ၃ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြင်ဆင်လိုက်သော ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ ၁၀ (က) ပုဒ်မအရ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ကို ရက်ပေါင်း ၁၈၀ မှ ၉၀ ရက်သို့ ပြောင်းလဲလိုက်သဖြင့် ယင်းအတိုင်း ရွေးကောက်ပွဲကျင်းပလျှင် ဒေသခံနိုင်ငံရေးပါတီများအနေဖြင့် ထိခိုက်နစ်နာမှုများရှိလာနိုင်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ကချင်အမျိုးသားကွန်ဂရက် KNC ပါတီ ဥက္ကဋ္ဌ Dr. Kawn La ယခုလိုပြောသည်။

“ကျနော်လူထုကိုပြောချင်တာက မဲဆန္ဒပေးတယ်ဆိုတာ နိုင်ငံသားအချုပ်အခြာအာဏာသည် နိုင်ငံသားတစ်ဦးချင်းစီက လာသည့်အတွက် အဓိပ္ပါယ်အရဆိုရင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အချုပ်အခြာအာဏာတည်ဆောက်မှုကို သူ့ဒေသအလိုက် သူ့ကိုယ်စားလှယ်ကို ရွေးချယ်တာ ဖြစ်တယ်။ အဲဒါကို ၃လလောက်လာနေရုံနဲ့ အိမ်ထောင်စုစားရင်းမရှိဘဲနဲ့ ကိုယ်စားလှယ်မဲပေးခွင့်ကို ဝင်ရောက်စွက်ဖက်မှာဖြစ်တယ်။ လူကိုပဲရွေးရွေး ပါတီကိုပဲရွေးရွေး အဲဒီလူတွေက ဒေသခံပါတီတွေကို သိမှာမဟုတ်ဘူး။ သူသိတာက ပြည်မ ပါတီကိုပဲသိမယ်။ အဲလိုလုပ်လိုက်တော့ နဂိုက နိုင်ငံရေးအခွင့် နည်းနေတဲ့ ဒေသခံပါတီတွေက အခွင့်အရေးတွေ ဆုံးရှုံးသွားမှာဖြစ်တယ်။ အဲဒါ အားနည်းချက်ပဲ။ ပြီးရင် ဒီ ဥပဒေက ကမ္ဘာမှာလည်း မရှိဘူး။ ဒီပြဿနာက စီးပွားရေးစီမံကိန်းတွေ ရှိတဲ့ နေရာတိုင်းမှာ သက်ဆိုင်တယ်”ဟု  ဦးကောန်လက ပြောသည်။

ယခုပြင်ဆင်ထားသည့် နည်းဥပဒေကြောင့် ကချင်ပြည်နယ်အတွင်း (၁၈) မြို့နယ်အနက် (၁၀) မြို့နယ်ခန့်တွင် ဒေသအခြေစိုက်ပါတီများ မဲနိုင်ရန် အခွင့်အရေးနည်းသွားနိုင်သဖြင့် ဘက်ညီမျှမှုမရှိဘဲ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထိခိုက်သွားနိုင်သည်ဟု သူက ဆက်လက်ပြောဆိုသည်။

“ဖားကန့်လုံးဝနိုင်မှာ မဟုတ်ဘူး။ တနိုင်းလည်း နိုင်မှာမဟုတ်ဘူး။ မိုးညှင်းဆို ပိုဆိုး။ ပူတာအို လမ်းလုပ်သားတွေ ထောင်ချီပြီး ရှိတယ်။ အင်ဂျန့်ယန်မှာ အရင်တုန်းက ကချင်ပါတီတွေ ၃နေရာအနိုင်ရရှိထားတယ်။ ဒါပေမယ့် စစ်ဆင်ရေးဝင်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဝိုင်းမော် တစ်သျှူးငှက်ပျောကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ သိန်းချီရှိတယ်။ ဒီလူတွေက ပြည်နယ်ခံပါတီတွေကို မဲပေးမှာ မဟုတ်ဘူး။ ဒါကြောင့် တရားမျှတမှု မရှိဘူး။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီက ရွေးကောက်ပွဲနဲ့ပဲဆုံးဖြတ်နေတယ်။ ဒီမိုကရေစီ အခွင့်အလမ်းပေါ်မှာ အခြေမခံထားသေးဘူး။ ကျနော်တို့တိုင်းပြည်က ရွေးကောက်ပွဲ ဒီမိုကရေစီအရဆို လုံးဝမနိုင်ဘူး” ဟု ဦးကောန်လ ဆက်ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို  KNC ပါတီက ဦးဆောင်ပြီး လာရောက်ဝန်းရံသူ ၅၀ကျော်ခန့် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်။

“ကချင်ပြည်နယ်သားတွေက ကိုယ့်ပြည်နယ်အတွက် စီမံခန့်ခွဲချင်တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဒေါ် Nang Zing Htang Htu ပြောသည်။

ဆန္ဒပြပွဲတွင် လာရောက်ဝန်းရံသူများက ‘၂၀၂၀ ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု တည်ဆောက်ရေး (ဒို့အရေး…) ၊ ‘ဖက်ဒရယ်ဒီမိုကရေစီ အရွေ့တားဆီးမှု မှန်သမျှ ဖယ်ရှားရေး (ဒို့အရေး…) ၊ ‘ရက်ပေါင်း (၉၀) နေထိုင်လျှင် မဲပေးခွင့် ပယ်ဖျက်ပစ်ရေး (ဒို့အရေး…) ၊ ‘ဒေသခံတို့ရဲ့ မဲဆန္ဒဆုံးဖြတ်ပိုင်ခွင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်၊ ဝင်ရောက်စွက်ဖက်မှု မပြုရေး (ဒို့အရေး…)’ စသော ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဦးဆောင်သော ကချင်အမျိုးသားကွန်ကရက်ပါတီ KNC သည် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးတွင် ပါဝင်ခြင်းမရှိသော ပါတီတစ်ခုဖြစ်ပြီး စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အဖွဲ့ဝင်လည်းဖြစ်သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...