တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်ဒေသခံ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်ဒေသခံ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာအုပ်စု၊ မုန့်သန်းပြင်ကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံ ၃၀၀ ကျော်မှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ကျော်က ပြောသည်။

ကျေးရွာတောင်ဘက် ၁ မိုင်ကျော်ခန့်အကွာတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ် ပွားခဲ့မှုကြောင့် ဒေသခံများမှာ မီးဝကျေးရွာ၊ ကျော်ရွီပြင်ကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ ဘာတစ်ခုမှ မယူခဲ့ရဘူး။ အကုန်လုံး ထွက်ပြေးကြတယ်။ ရွာထဲမှာ မျက်မမြင် အဘိုးအိုတစ်ယောက် ကျန်ခဲ့တယ်။ ကျွဲ၊နွားတွေလည်း အကုန်လုံးထားခဲ့ရတယ်။ အခက်ခဲတော့ အများကြီးရှိတယ်။ အခုကတော့ ဒီ မီးဝရွာထဲက ကျေးရွာသားတွေကတော့ အဆင်ပြေအောင်တော့ ကျွေးထားတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ထို့ပြင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်သောကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း ဦးစိန်ကျော်က ပြောသည်။

“တိုက်ပွဲဖြစ်တာကတော့ မနေ့က မနက်၉ နာရီကျော်မှာ တစ်ကြိမ်ဖြစ်တယ်။ ပြီးတော့ ညနေ ၃ နာရီကျော် တစ်ကြိမ်ဖြစ်တယ်။ ဘယ်အဖွဲ့က ပစ်တာတော့ ကျွန်တော်တို့ မသိဘူး။ ရွာထဲကို လက်နက်ကြီးကျလို့ အိမ်ခုနစ်လုံး မီးလောင်သွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြားတိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ဖုန်း လက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တစ်နှစ်ကျော်ကြာ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာကာ စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...