ပလက်ဝမြို့နယ် စားနပ်ရိက္ခာ ပို့ဆောင်ရေး အဖွဲ့ လေးဖွဲ့ ပူးပေါင်း စီစဉ်နေ

ပလက်ဝမြို့နယ် စားနပ်ရိက္ခာ ပို့ဆောင်ရေး အဖွဲ့ လေးဖွဲ့ ပူးပေါင်း စီစဉ်နေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) စစ်ရေးတင်းမာနေမှုကြောင့် ရေကြောင်း၊ ကုန်းကြောင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားခံရပြီး စားနပ်ရိက္ခာ ပြတ်လပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ရိက္ခာသယ်ယူပို့ဆောင်နိုင်ရန် အဖွဲ့ လေးဖွဲ့ ပေါင်းစပ် စီစဉ်ထားကြောင်း ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်ထံမှ သိရသည်။

“ကျွန်တော်တို့ ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ ရခိုင်ပြည်နယ် အစိုးရနဲ့ ချင်းပြည်နယ်အစိုးရ ပူးပေါင်းပြီး အမြန်ဆုံး ဆောင်ရွက်မယ်၊ ကျွန်တော်တို့ လေးဖွဲ့လုံးက ညွှန်ကြားချက်လာပါပြီ၊ အမြန်ဆုံး ဆောင်ရွက်မယ်၊ ပြီးတော့ ကျွန်တော်တို့ ဆန်တွေကို စစ်တွေမှာ စုပုံထားတယ်၊ ကျောက်တော်မှာ စုပုံထားတယ်၊ ဆမီးမှာလည်း စုပုံထားတယ်၊ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့နယ်ရှိ ပြည်သူ့ဝန်ထမ်းများနှင့် အရေးကြီး စာရွက်စာတမ်းများကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်နေပြီး စားနပ်ရိက္ခာများကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခွင့် ရှိ မရှိမှာမူ ပြောပိုင်ခွင့်မရှိကြောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ပြောသည်။

“ဒီထက် ပိုအရေးကြီးတဲ့ စာမေးပွဲမေးခွန်းတွေ၊ ဝန်ထမ်းလစာတွေကိုတော့ ကျွန်တော်တို့ ရဟတ်ယာဉ်နဲ့ လိုက်ပို့ပေးတယ်၊ စားနပ်ရိက္ခာကိုတော့ ကျွန်တော်မှာ ဖြေဆိုခွင့်မရှိဘူး” ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့်  အခက်အခဲကြုံနေရသော ပလက်ဝမြို့နယ် ပြည်သူများအား ထောက်ပံ့မှုပေးနိုင်ရန် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပြီး နယ်မြေလုံခြုံမှသာ ပို့ဆောင်နိုင်မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ကျွန်တော်တို့ လက်ရှိ အဓိကတော့ ဆန်ပို့နိုင်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ လုံခြုံရေးအခြေအနေအရ သွားလို့ မရဘူး ဖြစ်နေတယ်၊ တကယ်လို့ ကျွန်တော်တို့ ဆန်ကို ပို့လို့ရှိရင် အေအေတွေက လမ်းမှာ ဖြတ် ဖြတ်ယူသွားတယ်၊ အရင်ကလည်း ကားတွေ မီးရှို့တာတွေ ရှိတယ်၊ ဆန်တွေကို ပို့နိုင်ဖို့ ပြည်ထောင်စုကို ကျွန်တော်တို့ တင်ထားတယ်၊ ပြည်ထောင်စုက လုံခြုံရေး လုပ်ပေးမှ ရမယ်” ဟု ဦးစိုးထက်က ပြောသည်။

ဆက်လက်ပြီး “ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ကတော့ လုပ်မယ့် လုပ်ငန်းကို အကုန်လုံး လုပ်ခဲ့ပြီ၊ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်မှာ အရေးကြီး၊ အရေးပေါ်အဆို တင်သွင်းမှ ရမယ်၊ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေအတွက်နဲ့၊ ရောင်းဖို့အတွက် ဆန်အိတ်တွေကို စစ်တွေမှာ အများကြီး ပုံထားတယ်၊ ဆမီးမှာလည်း ဆန်အိတ် ၆၀၀ လောက် ရှိတယ်၊ အဓိကကတော့ ဆမီး-ပလက်ဝကြား လုံခြုံရေး မလုပ်ပေးနိုင်လို့ ဖြစ်နေတယ်”ဟု ဆိုသည်။

ပလက်ဝမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းက ပြည်ထောင်စုအစိုးရအနေဖြင့် ထောက်ပံ့ပို့ဆောင်ပေးနိုင်ရန် လိုအပ်ပါက ရဟတ်ယာဉ်ကို အသုံးပြုသင့်ကြောင်း မှတ်ချက်ပြုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ တတ်နိုင်သလောက် ဖိအားပေးတာတို့ လုပ်တယ်၊ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ချင်းပြည်နယ်အစိုးရကို လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ဆောင်ရွက်သင့်တယ်လို့ ပြောထားပြီးပြီ၊ အရေးကြီးအဆိုကိုတော့ ပြည်ထောင်စုအဆင့်မှာပဲ တင်ပြသင့်တယ်လို့ ထင်တယ်၊ ပြီးတော့ လက်ရှိကြုံနေတဲ့ဟာကို ဖြေရှင်းဖို့ နောက်ဆုံးအခြေအနေနဲ့ လိုအပ်ရင် ရဟတ်ယာဉ်ကိုပါ သုံးသင့်တယ်၊ ပြီးတော့ ကျွန်တော်အနေနဲ့က ဖြစ်နိုင်ရင် ခုဖြစ်နေတဲ့ ကိစ္စတွေကို စားပွဲမှာ ထိုင်ပြီး အမြန်ဆုံးဖြေရှင်းစေချင်တယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင်   ကုန်သွယ်ရေးလမ်း ကုန်းကြောင်းရော ရေကြောင်းပါ တစ်လကျော် ပိတ်ခံခဲ့ရပြီး ဒေသအတွင်း စားသောက်ကုန်များ စံချိန်တင် ဈေးတက်နေပြီး ဝယ်ယူဖို့ လိုက်ရှာနေရကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...