သစ်တောဌာန လုပ်သားတစ်ဦး တပ်မတော်၏ ပစ်သတ်ခြင်းခံခဲ့ရဟု KNU ပြော

သစ်တောဌာန လုပ်သားတစ်ဦး တပ်မတော်၏ ပစ်သတ်ခြင်းခံခဲ့ရဟု KNU ပြော

စအိုင်ဆူး — KNU-ကရင်အမျိုးသားအစည်းအရုံး၏ မူတရော်(ဖာပွန်)ခရိုင်သစ်တောဌာန တောခေါင်းတစ်ဦး မတ်လ ၅ရက် နေ့လည်ပိုင်းတွင် ဒွယ်လိုးမြို့နယ်၊ မယ်ဝိုင်ကျေးရွာ၌ တပ်မတော်၏ ပစ်သတ်ခြင်းခံ ခဲ့ရကြောင်း KNU တပ်မဟာ (၅)က ပြောသည်။

မယ်ဝိုင်ကျေးရွာအတွင်း စခန်းချထားသော တပ်မတော်၏ ခြေမြန်တပ်ရင်း (ခမရ-၃၃ဂ)မှ တပ်ဖွဲ့ဝင်များက စခန်းအနီး ဆိုင်ကယ်ဖြင့် ဖြတ်သွားသော ခရိုင်တောခေါင်းနှစ်ဦးကို ပစ်ခတ်လိုက်ခြင်းကြောင့် တစ်ဦးထိမှန် သေဆုံးသွားခဲ့ကြောင်း မူတရော် (ဖာပွန်)ခရိုင်အတွင်းရေးမှူး စောရော်ဘင်မူးက ယခုလို အတည်ပြု ပြောသည်။

“ကျနော်တို့ သစ်တောလုပ်သားနှစ်ဦးက ရုံးကနေ သစ်တော တာဝန်နဲ့ ထွက်သွားတာ။ အဲ့ဒီမယ်ဝိုင် စခန်း အ ရှေ့ကို သူတို့ ဖြတ်သွားနေကျပဲ။ သူတို့အဲ့မှာသွားတဲ့အခါ စစ်တပ်က အဲ့မှာစောင့်ပြီး ပစ်လိုက်တာ အရှေ့က တစ်ယောက်ကို မထိဘူး။ သွားတာက နှစ်ယောက်ပဲသွားတာ။ တပ်စခန်းမရောက်ခင် ကိုက် ၂၀၀ လောက် ကနေ ပစ်လိုက်တာ။ အရှေ့က တစ်ယောက်ကို မထိပဲ အနောက်တစ်ယောက်ကို ထိသွားတာ။ အချက် ၂၀ ကျော်လောက်ပစ်လိုက်တယ်လို့ သိရတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အပစ်ခံလိုက်ရသူမှာ ခရိုင်သစ်တော၏ တောခေါင်းတပ်ဖွဲ့ဝင် စောမောင်အေးသန်းဖြစ်ကာ ကျည်သုံးချက်ထိမှန် သွားပြီး မူတရော်ခရိုင်ရုံးသို့ ပြန်သယ်ဆောင်လာသော်လည်း လမ်းတွင် သေဆုံးသွားကြောင်း စောရော်ဘင်မူး က ဆက်ပြောသည်။

ထို့အပြင် ယခုလို ပစ်ခတ်ခံရခြင်းသည် အဆိုပါ တောခေါင်းတပ်ဖွဲ့ဝင်နှစ်ဦး၏ နယ်မြေကျူးကျော်ရန်သွားစခြင်း မဟုတ်ဘဲ တာဝန်အရဘေးမဲ့သစ်တောကြိုးဝိုင်းများသို့ သွားလာရန်သာဖြစ်ကြောင်း၊ မည်သည့်အကြောင်း ကြောင့် ပစ်ခတ်ရခြင်း ဖြစ်သည်ကို စုံစမ်းသွားမည်ဖြစ်သလို ယခုလို ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယုံကြည် မှုတည် ဆောက်ခြင်းအပေါ် ထိခိုက်နိုင်ခြင်းကြောင့် နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံမှုတွင် ဗဟိုခေါင်း ဆောင်များမှ ဆွေးနွေးဖြေရှင်းသွာစေလိုကြောင်းလည်း KNU မူတရော်ခရိုင်က ပြောသည်။

သို့သော် အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)၏ ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လှက “ဖြစ်စဉ်က ဒီလို သူတို့က လာပစ်တာခင်ဗျာ့။ ဆိုင်ကယ်နဲ့ လာပစ်တယ်ပြောတယ် စခန်းကို လေ။ ၉ ချက်ပစ်တယ်။ ၉ ချက်ပစ်တော့ တပ်က ပြန်ပစ်လိုက်တဲ့အချိန်မှာ ထိသွားတယ်လို့ သိရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo_Resident

ယခုပစ်ခတ်မှု ဖြစ်ပွားသောမယ်ဝိုင်ဒေသသည် ဒေသကျေးရွာအတွင်း တပ်မတော်မှ ဝင်ရောက် စခန်းချ နေရာ ယူထားခြင်းဖြစ်ပြီး လူ့အခွင့်အရေးရှုထောင့်အရ KNUမှ ရုပ်သိမ်းပေးရန်တောင်းဆိုထားသည့် တပ်မတော်စခန်း (၇)ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ကာ ယခုဖြစ်စဉ်အပေါ် အပစ်အခတ် ရပ်စဲရေး စောင့်ကြည့် ရေးပူးတွဲကော် မတီ (JMC) လမ်းကြောင်းမှတဆင့် အရေးဆိုသွားမည်ဖြစ်ကြောင်း KNU ဗဟို သစ်တောဌာနက ဆိုသည်။

ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းက “အဲ့လမ်းက သွားနေကျလမ်းပဲ။ အရင်တုန်းက ရွာနဲ့ နီးလွန်းလို့ ပြန် ဆုတ်ဖို့ ကျနော်တို့ဘက်က တောင်းဆိုခဲ့တဲ့ စခန်း ၇ ခုထဲက တစ်ခုပဲ။ အနေအထားက သူတို့ကို ဘယ်လိုမှ ရန်ပြုမယ့် အနေအထားမရှိဘူး။ ပြီးတော့ သွားနေကျလမ်းဒါက။ ရန်စတဲ့ လုပ်ရပ်၊ ရန်လိုတဲ့ လုပ်ရပ်ပဲ။ JMC လမ်းကြောင်းကနေ အရေးဆိုသွားဖို့ရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ပြီးခဲ့သည့် လများတွင်လည်း KNU တပ်မဟာ (၅) နှင့် မြန်မာ့တပ်မတော်အကြား လမ်းဖောက် လုပ်ခြင်း၊ သတ်မှတ်နယ်မြေ ကျူးကျော်ခြင်းစသည့် အကြောင်းပြချက်များဖြင့် မကြာခဏ ပစ်ခတ်မှုဖြစ် ပွား လျက်ရှိပြီး ၎င်းစစ်ရေးပဋိပက္ခများကြောင့် ဒေသခံ ကျေးရွာသွားများ ထွက်ပြေးတိမ်းရှောင် နေကြရဆဲဖြစ် ကြောင်း KNU ဘက် ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ခိုင်မာရန်နှင့် KNU တပ်မဟာ (၅) ကိစ္စရပ်များအပေါ် ဖြေရှင်းသွားရန် KNU ဗဟိုခေါင်းဆောင်များနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...