မြောက်ဦးတွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံး၊ ကလေး လေးဦး ဒဏ်ရာရ

မြောက်ဦးတွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံး၊ ကလေး လေးဦး ဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုတ်(မွတ်စလင်)ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ (၆) ရက် နံနက်ပိုင်းက ပေါင်းတုတ်ကျေးရွာအုပ်စုမှ ကလေး(၅)ဦး ပေါင်းတုတ်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲကာ ထိခိုက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှင်ချူးကပြောသည်။

“သူတို့တွေက နွားကျောင်းပြီးလို့ တစ်နေရာမှာ စုပြီးထိုင်နေကြတာ။ အဲဒီအချိန်မှာ သူတို့ထိုင်နေတဲ့နေရာနဲ့ မနီးမဝေးကနေ ပေါက်ကွဲတာဖြစ်တယ် ” ဟု ဦးရှင်ချူးက DMG ကို ပြောသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် အသက်(၁၂)နှစ်အရွယ် မောင်မိုးချေမှာ ၎င်းနေရာတွင် သေဆုံးသွားခဲ့သည်။ အတူရှိနေသည့် မောင်အာဒူချုပ်ကို ၁၁နှစ်၊ ဘလုံတောင်ကျေးရွာမှ မောင်အာဒူမော်တလိတ် ၁၄ နှစ်၊ မောင်မန့်ရှား ၁၁ နှစ်နှင့် မောင်အာဂျော်မောင်ကမ်း ၁၁ နှစ်တို့မှာ ကျောကုန်း၊ လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအသီးသီးရရှိသွားခဲ့သည်။

သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းကို ရွာတွင်းသို့ ယူဆောင်ထားပြီး ယနေ့ မတ်လ ၆ ရက်တွင် သဂြိုလ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဒဏ်ရာရရှိသူ (၄)ဦးထဲမှ ပေါင်းတုတ်ကျေးရွာနေ မောင်အာဒူချုပ်မှာ မြောင်းဘွေဆေးရုံ၌ ဆေးကုသမှုခံယူ နေပြီး ကျန်(၃)ဦးမှာ အနီးအနားကျေးရွာဖြစ်သည့် လောင်းကြက်ကျေးရွာတွင် ဆေးကုသမှုခံယူနေကြောင်း ဦးရှင်ချူးက ပြောသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူများထံ မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိ ခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးမှု (၁၃၀)ကျော်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၃၀၀)ကျော် အထိ ရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၏ စာရင်းအရ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...