ချင်းပြည်နယ်တွင် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူ ဦးရေ ၂၀၀၀ ကျော် တိုးလာကြောင်း ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က ပြောသည်။
"ဖြေဆိုမယ့် လူဦးရေကတော့ မနှစ်ကထက် ၂၀၀၀ ကျော် တိုးလာတယ်”ဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။
ယမန်နှစ်၂၀၁၉ တွင် ချင်းပြည်နယ် တက္ကသိုယ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျား ၅၁၇၃ ဦး၊ မ ၆၉၁၄ ဦး၊ စုစုပေါင်း ၁၂၀၀၄ ဦးရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ဖြေဆိုမည့်သူ စာရင်း ၁၄၁၆၅ ဦး ရှိလာကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ချင်းပြည်နယ်သည် တက္ကသိုလ်ဝင်တန်း အောင်ချက် ၁၉.၅၉ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် ဒုတိယအနိမ့်ဆုံးဖြစ်ခဲ့ပြီး ယခုပညာသင်နှစ်တွင် အောင်ချက် ၂၅ ရာခိုင်နှုန်းထိ မျှော်မှန်းထားကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွင်မင်ထန်က ပြောသည်။
"၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာကတော့ ကျွန်တော်တို့ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းလောက်ကိုတော့ မျှော်မှန်းထားတယ်၊ တွန်းဇံမြို့နယ်မျိုးမှာဆိုရင် စာစစ်ဌာနတွေ ၅ ကျောင်းထိ တိုးပေးတယ်၊ ဒါပေမဲ့ မနှစ်ကလိုမျိုးဆိုရင် ပလက်ဝက ဒေသအတွင်း အခြေအနေကြောင့် အောင်ချက်ဆွဲကျတာတွေ ရှိတယ်” ဟု ပြောသည်။
ချင်းပြည်နယ်တွင် မြို့နယ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက် အများဆုံး ရရှိသည့် မြို့နယ်မှာ ၂၉.၄၃ ရာခိုင်နှုန်းရရှိပြီး အနည်းဆုံးရရှိသည့် ပလက်ဝမြို့နယ်မှာ ၆.၈၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ဆက်ပြီး သူက “ပလက်ဝမြို့နယ်မှာလည်း စာစစ်ဌာန ငါးခုရှိတယ်၊ တက္ကသိုလ်ဝင်တန်းတွေလည်း ဖြေဆိုနိုင််တဲ့ အနေအထားမှာ ရှိတယ်၊ ဆမီးတို့ဆိုလည်း အဆင်ပြေတယ်၊ ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ရဟတ်ယာဉ်နဲ့ မေးခွန်းတွေ ပို့ပေးမယ်” ဟု ပြောသည်။
ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်း နှစ်အလိုက် အောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၁၇.၈၅၊ ၂၀၁၆ ခုနှစ်တွင် ၁၄.၃၆၊ ၂၀၁၇ ခုနှစ်တွင် ၁၉.၀၄၊ ၂၀၁၈ ခုနှစ်တွင် ၁၆.၆၄ အသီးသီး ရရှိသည်။







