ကချင်ပြည်နယ် ဖားကန့်မြို့တွင် လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ခွင့်ပြုလိုက်ပြီးနောက် လုပ်ကွက်လျှောက်လွှာများကို မတ်လ ၃ရက်နေ့မှစကာ ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပထမဆုံး ရောင်းချပေးနေသည်ဟု သိရသည်။
ကချင်ပြည်နယ် မှတ်ပုံတင် ၁/ ကိုင်ဆောင်သူများ၊ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိသူများ လျှောက်ထားခွင့်ရှိပြီး တစ်ဦးလျှင် လုပ်ကွက် ၃ကွက်အထိ လျှောက်ထားနိုင်သည်ဟု သိရသည်။
“ဦးစားပေးကတော့ မှတ်ပုံတင် ၁/ ကမန (ကာမိုင်း) ကိုင်ဆောင်တဲ့သူတွေကို ကမန မှတ်ပုံတင်က ဖားကန့်က ဖြစ်တဲ့အတွက် ဦးစားပေးခြင်း ဖြစ်တယ်။ ၁/ကမန တော့ မရှိဘူး။ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း စိစစ်ပေးသွားဖို့ ရှိတယ်။ နောက်ပြီးတော့ တစ်ဦးလျှင် လုပ်ကွက် ၃ကွက် လျှောက်လို့ ရတယ်။ ရမရတော့ သတ်မှတ်စံချိန်စံညွှန်းနဲ့ စိစစ်ပေးမှာ ဖြစ်တယ်” ဟု ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းက ပြောသည်။
လျှောက်ထားသူများတွင် လုပ်ကွက်နံပါတ် တူနေပါက အခြားမြို့နယ်များထက် ၁/ ကမန မှတ်ပုံတင် ကိုင်ဆောင်သော ဖားကန့်၊ ကာမိုင်း ဒေသခံများကို အဓိက ဦးစားပေးမည် ဖြစ်ပြီး၊ ၁/ကမန ကိုင်ဆောင်သူများ အချင်းချင်း သတ်မှတ်ထားသည့် အရည်အချင်း လုပ်ကွက် တူညီနေပြန်လျှင် စဘော်ငွေ ကြိုတင်ပေးထားသူများကိုသာ အဓိက ဦးစားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်၏ ဧရိယာအကျယ်အဝန်း တစ်ဧကရှိပြီး လုပ်ကွက်သက်တမ်း တစ်နှစ်ဖြစ်သည်။ လုပ်ကွက်တစ်ကွက်လျှင် ပြည်နယ်အစိုးရ၏ စဘော်ငွေ ကျပ်(၅၀၀,၀၀၀)၊ လျှောက်လွှာတစ်စောင် (၁,၀၀၀)၊ မှတ်ပုံတင်ကြေး (၃,၀၀၀)၊ စစ်ဆေးခ (၅၀,၀၀၀)၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ (၁၀၀,၀၀၀) စုစုပေါင်း ၆၅၄,၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်သည်။
“ တူးတဲ့အပိုင်းကျတော့ လေးပင်စနစ်ပဲ တူးတူး လုပ်ငန်းပေါ် မူတည်တယ်။ ကျနော်တို့အနေနဲ့တော့ သတ်မှတ်ချက် ပေးထားခြင်း မရှိပါဘူး။ လွတ်လွတ်လပ်လပ် တူးခွင့်ရှိတယ်။ ဒါပေမဲ့ သုံးရမယ့် စက်ယန္တရားတော့ ၂၅ကောင်ထက် ကျော်လို့ မရပါဘူး" ဟု ဝန်ကြီးက ပြောသည်။
လက်ရှိ လက်လုပ်လက်စား ကျောက်စိမ်းလုပ်ကွက်များအနေဖြင့် တာမခန်၊ ဟောင်ပါးဧရိယာဘက်တွင် ၂၃၉ ဧက ၊ မရှီကထောင်၊ ဂျန်ထပ်ဧရိယာဘက်တွင် ၅၄ ဧက ၊ နမ္မဖြစ်ဒေသတွင် ၈၃ ဧက ရှိပြီး လုပ်ကွက်စုစုပေါင်း ၃၇၆ ကွက်ရှိကြောင်း သက်ဆိုင်ရာဌာနထံမှ သိရသည်။
လျှောက်လွှာကို မတ်လ ၃ရက်နေ့မှ ၁၃ရက်နေ့ထိ လျှောက်ထားခွင့်ပြုပြီး ပြည်နယ်အစိုးရမှ စိစစ်ပြီးနောက် မတ်လကုန်ပိုင်းတွင် စတင် လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ပြည်ထောင်စုမှ သတ်မှတ်ထားသည့် ကျောက်စိမ်းတူးဖော်ခွင့်ရ ဧရိယာသည် စုစုပေါင်း ဧက ၂၇၇၄၀ဧက ရှိပြီး ယခု ပထမအကြိမ်တွင် လုပ်ကွက်စိစစ်ချထားပေးပြီးနောက် ထပ်မံ လျှောက်လိုသူများ ရှိနေပါက လက်လုပ်လက်စား လုပ်ကွက်များ ဆက်လက်အကွက်ဖော်သွားပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။







