မြောက်ဦးမြို့နယ်တွင် မသင်္ကာဖွယ် အမျိုးသား (၁၄) ဦးကို ဖမ်းဆီးထားဟု တပ်မတော် ထုတ်ပြန်

မြောက်ဦးမြို့နယ်တွင် မသင်္ကာဖွယ် အမျိုးသား (၁၄) ဦးကို ဖမ်းဆီးထားဟု တပ်မတော် ထုတ်ပြန်

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး မသင်္ကာဖွယ် အမျိုး သား(၁၄)ဦးကို ဖမ်းဆီးထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၉ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတွင် မြောင်းဘွေကျေးရွာ၏ အနောက်ဘက် မီတာ (၁၅၀၀)ခန့် အကွာသို့အရောက်၌ ရက္ခိုင့်တပ်တော်(AA)က နေရာသုံးနေရာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်အတွင်း တပ်မတော်ဘက်က အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုပ်ငန်းယာဉ်နှစ်စီး မိုင်းစထိမှန် ပျက်စီးခဲ့သည်။ ထို့ပြင် AA ထံမှ အလောင်းနှစ်လောင်းနှင့် ဖြစ်စဉ်နေရာတစ်ဝိုက်မှ မသင်္ကာဖွယ် ထွန်းထွန်းဝင်း(ဘ)ဦးစိန်ထွန်းအောင် အပါအဝင် (၁၄) ဦးကို ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။

ဖမ်းဆီးရမိသူများအား ကနဦး စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ထဲမှ အချို့သည် မင်းပြား-မြောက်ဦး-ကျောက်တော် ကားလမ်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများ၊ မော်တော်ယာဉ်များ သွားလာလှုပ်ရှားမှု အား စောင့်ကြည့်၍ AA ထံသို့ သတင်းပေးပို့နေသူများဖြစ်ကြောင်းနှင့် တပ်မတော်ယာဉ်တန်းများ၊ စစ်ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများတွင် ပါဝင်ပတ်သက်သူများ ဖြစ်ကြောင်းဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့က မြောင်းဘွေကျေးရွာအနီးတွင် တပ်မတော်ယာဉ် (၁၈)စီးကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲကြောင့် ဘူးတလုံး၊ အမြောက်တောင်၊ လက်သန်းချေ၊ ကျွဲတဲ၊ ရွှေလှံကျေးရွာမှ ဒေသခံ (၉)ဦး သေဆုံးသွားပြီး (၁၈)ဦး ဒဏ်ရာရရှိသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်တွင် ရွှေလှံကျေးရွာမှ ဦးထွန်းထွန်းဝင်းအပါအဝင် (၅)ဦးနှင့် အခြားကျေးရွာများမှ (၈)ဦး စုစုပေါင်း (၁၃)ဦးကို တပ်မတော်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ အချို့ကို နေအိမ်အတွင်း လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

မတ်လ (၂)ရက်နေ့က လက်သန်းချေကျေးရွာမှ ကိုမောင်ကျော်ခိုင်(၃၆ နှစ်) ၊ ကျွဲတဲကျေးရွာမှ ကိုမောင်သန်းဌေး (၃၉ နှစ်)နှင့် ဘူးတလုံးမွတ်ဆလင်ကျေးရွာမှ ဟာဘီအာလောင် (၅၂ နှစ်)တို့၏ သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ပြီး ရွှေလှံကျေးရွာမှ ဦးမောင်စောလှိုင် (၄၇ နှစ်) ၏ ရုပ်အလောင်းကို မတ်လ (၁) ရက်နေ့က တွေ့ရှိခဲ့သည်။ ၎င်းတို့သည် တပ်မတော်က ဖမ်းဆီးရာတွင် ပါဝင်သွားသူများဟု ဒေသခံ များကဆိုသည်။

သို့သော် ယင်းအလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။ ယင်းကိစ္စကို အသေးစိတ် သိရှိနိုင်ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

“အခု ဖမ်းသွားတာက တပ်မတော်က ဖမ်းသွားတာ။ ဒီလူတွေ ရှိသေးလား၊ မရှိတော့ဘူးလား သိချင်တယ်။ ဘယ်လောက်ရှိတယ် ဆိုတာကို လူနာမည်တွေနဲ့ သိချင်တယ်။ မိသားစုတွေလည်း သိပ်စိတ်ပူနေကြတယ်။ ထမင်းမစား၊ ဟင်း မစားကြဘူး။ ရွာသားတွေလည်း စိတ်ပူနေကြတယ် ”ဟု တန်းပြင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာညွှန့်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အရပ်သားများထိခိုက်သေဆုံးမှု၊ ဖမ်းဆီးမှုခံရမှု အရေအတွက် မြင့်တက်လျက်ရှိသည်။

Most read this week

April 29, 2024
စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုတို့၏ ဧပြီလ ၁၀ ရက်မှ ၂၃ ရက်ထိ...
စစ်ယူနီဖောင်းဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
April 29, 2024
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့်ပူးပေါင်းနေသော မွတ်ဆလင်များက...
April 29, 2024
ရခိုင်ပြည်အတွင်းက ကျန်းမာရေးမကောင်းသူများနှင့် ဆေးရုံ/ဆေးခန်းများ၌ ပုံမှန်ပြသနေရသူများမှာ...
April 27, 2024
စစ်ရေးပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်တွင် ဒေသတွင်းထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ သီးနှံ၊ သား၊...