လမ်းကြောင်း ပြတ်တောက်မှုကြောင့် ပလက်ဝတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ နည်းပါးသွားနိုင်ဟု ဆို

လမ်းကြောင်း ပြတ်တောက်မှုကြောင့် ပလက်ဝတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ နည်းပါးသွားနိုင်ဟု ဆို

Salai Khup Khup — မကြာမီရက်ပိုင်းအတွင်း ဖြေဆိုကြတော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပလက်ဝမြို့အနေဖြင့် လမ်းကြောင်းပြတ်တောက်မှုကြောင့် ဖြေဆိုသူ ဦးရေ လျော့နည်းသွားနိုင်ကြောင်း ပလက် ဝပညာရေးမှူး ဦးအောင်မင်းက ပြောသည်။

“တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့တော့ အဆင်သင့်ပါပဲ။ ဖြေလည်း လာဖြေကြမှာပါ။ ဒါပေမဲ့ ပျက်ကွက်တဲ့ လူဦးရေက အရမ်း များသွားနိုင်တယ်။ တစ်ချို့က ခြေလျင်ခရီးလမ်းကြောင်းကနေ ကြိုတင်ပြီး လာတဲ့သူတွေလည်း ရှိနေပြီ။ မလာနိုင်တဲ့သူတွေ အများကြီး ကျန်နေသေးတယ်။ စာမေးပွဲ ဖြေဆိုတဲ့ ပထမရက်မှာပဲ လူဦးရေစာရင်း အတိအကျ သိနိုင်မှာဖြစ်တယ်။ အဓိကကတော့ ကျောက်တော်မှာလည်း ကျန်တဲ့ သူတွေလည်း ရှိတယ်။ လူဦးရေစာရင်းတော့ အတိအကျ မသိရသေးဘူး။ ကျောက်တော်လိုင်းဖက်ကနေပဲ အဓိကပါပဲ။ မတူပီဖက်က လာတဲ့ လိုင်းကလည်း စမီးမှာ စာစစ်ဌာနရှိတယ်ဆိုတော့ အဆင်ပြေတယ်”ဟု ဦးအောင်မင်းက ပြောသည်။

ပလက်ဝမြို့မှာ အဓိက ဆက်သွယ်သွားလာရသော ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုလုံးတွင် မြန်မာတပ်မတော်နှင့် AAတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လာသဖြင့် ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများ ပြေးဆွဲခြင်းမရှိတော့ကြောင်းလည်း သိရသည်။

ဦးအောင်မင်းက “ပလက်ဝမြို့ပေါ်မှာလည်း စာစစ်ဌာန လေးခုရှိတယ်ဆိုတော့ အဆင်ပြေတယ်။ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့ ဆက်သွယ်သွားလာတဲ့ လိုင်းက ပျက်သွားတဲ့အတွက် အဲဒီဖက်က ကျောင်းသူ ကျောင်းသားတွေပဲ အဓိက ပျက်ကွက်ရင် ပျက်ကွက်မယ်”ဟု ပြောသည်။

ပလက်ဝမြို့တွင် စားသောက်ကုန်၊လောင်စာဆီနှင့် အခြား ကုန်ပစ္စည်းများ ပြတ်လပ်မှုကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူကျောင်းသားများမှာ အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ပလက်ဝဒေသခံ ဦးဘူးထန်ပိုင်က ပြောသည်။

ဦးဘူးထန်ပိုင်က “ဆယ်တန်းစာမေးပွဲ နီးလာပြီ။ ခါတိုင်းဆိုရင် ဒီအချိန်ကနေ စပြီးတော့ စာမေးပွဲပြီးတဲ့အထိကို မီးကို လေးနာရီပေးတာကနေ ခြောက်နာရီလောက်ကို ပိုပေးလေ့ရှိတယ်။ ဒီနှစ်မှာကျတော့ နာရီတစ်ချက်ပဲ ရတော့တယ်။ ဖယောင်းတိုင်လည်း ဝယ်စရာမရှိတော့ ရှိတဲ့ ဖယောင်းတိုင်တွေလည်း ကုန်နေလောက်ပြီ။ ဖယောင်းတိုင် ဝယ်ဖို့ကလည်း လမ်းကြောင်းမှ မရှိတာ။ ဆယ်တန်းကလေးတွေအတွက် အခက်အခဲ အရမ်း ဖြစ်တယ်”ဟု ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ စတင်ကျင်းပတော့မည် ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စစ်ပွဲဒေသများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ နည်းပါးလေ့ ရှိကြောင်း သိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...